ဖက်ဒရယ် ဒီမိုကရေစီကို အခေခံသော တိုးတက်ခေတ်မီသည့် အနာဂါတ်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပေါ်ထွန်းလာရေး ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ပြည်သူ့ရှေ့ဆောင်ပါတီက အသိပေးဖော်ပြထားသည်။
ပြည်သူရှေ့ဆောင်ပါတီ၏ သဝဏ်လွှာတွင် မြန်မာပြည်သူများ၏လွတ်လပ်ရေးသည် ပြည်သူများ၏ လက်ဝယ်တွင် ရှိကြောင်းနှင့် လွတ်လပ်ရေးနှင့် ဆက်စပ်၍ ကိုယ်ပိုင်ယဉ်ကျေးမှု ၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်အနုပညာများ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ကာ တိုးတက်သော ပြည်ထောင်စု မြန်မာနိုင်ငံတော် အဖြစ်သို့ အဆင့်ဆင့် တက်လှမ်းကြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် အမျိုးဂုဏ် ၊ ဇာတိဂုဏ် များကို ထိန်းသိမ်း၍ တိုးတက်အောင်ကြိုးစားရာတွင် တစ်ဉီးတစ်ယောက်တည်းဖြင့် မအောင်မြင်နိုင်ဘဲ မြန်မာနိုင်ငံသား တိုင်းရင်းသားပေါင်းစုံမှ တက်ညီလက်ညီ စုစုစည်းစည်းဖြင့် ကြိုးစားမှသာ လျှင်မြန်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကာ ရေရှည်တည်တံ့နိုင်မည်ဖြစ်ကြောင်း နှင့် သို့မှသာ မှန်ကန်သော လွတ်လပ်ရေး၏ အသီးအပွင့်ကိုနောင်လာနောင်သားများအား လက်ဆင့်ကမ်း နိုင်မည်ဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် နှစ်စဉ် ဇန်နဝါရီ (၄) ရက်နေ့ရောက်တိုင်း လွတ်လပ်ရေးနေ့ကို မြန်မာပြည်သူပြည်သားများနှင့် တကွ ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် ထပ်တူထပ်မျှ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုလျှက်ရှိကြောင်း ဆိုထားသည်။