ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်ညနေ ၅ နာရီ ၄၀ မိနစ်ခန့်က ဖယောင်းတိုင်ဖြင့်ဘုရားမီးပူဇော်ရာမှ ၂ ထပ်လိုင်းခန်းမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့်ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။
တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဟိုခိုကျေးရွာရှိ အခန်း(၈)ခန်းပါ (၂)ထပ် ဆိုင်လိုင်းခန်းတွဲတွင် ဌားရမ်းနေထိုင်သူ ဦးမြင့်ဦးသည် ၎င်း၏အခန်းအတွင်း ဘုရားစင်၌ဖယောင်းတိုင်ဖြင့်မီးပူဇော်ခဲ့ရာ ဘုရားစင်မှတစ်ဆင့်မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တာချီလိတ်ခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များ၊ အခင်းဖြစ်နေရာအနီးနေသူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၆ နာရီ ၅၈ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
” မီးလောင်တဲ့ဆိုင်ခန်းတွဲက သံကူကွန်ကရစ် ၂ ထပ်ပါ။ ဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပါဘူး။ ဆိုင်ခန်းတွဲကတော့ ပျက်စီးဆုံးရှုံးမှုတွေများတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ထို့ကြောင့် မီးအားပေါ့ဆစွာအသုံးပြုရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် ဦးမြင့်ဦးအား တာချီလိတ်မြို့၊ ဟောင်လိတ်နယ်မြေရဲစခန်းက ပ-၁၆၉/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။