ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းတွင် အင်္ဂါနေ့ မနက်ပိုင်းက မီးတောင်တစ်လုံး ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာတိမ်တိုက်ကြီးသည် ဝေဟင်အမြင့် မီတာ ၄၀၀၀ အထိ ထိုးတက်ခဲ့သောကြောင့် ဒေသတွင်း စာသင်ကျောင်းများကို ပိတ်ရန် ညွှန်ကြားခဲ့ရသည်။
အရှေ့တောင်အာရှနိုင်ငံတွင် ရှိသော မီးတောင်ရှင်၂၄ လုံးအနက် တစ်လုံးဖြစ်သည့် Kanlaon မီးတောင်သည် ဒီဇင်ဘာလအတွင်းက တစ်ကြိမ် ပေါက်ကွဲခဲ့ပြီး ပတ်ဝန်းကျင်ရှိ ကျေးရွာများကို ဘေးလွတ်ရာရွှေ့ပြောင်းစေခဲ့ရသည်။
နီဂရော့စ်ကျွန်းရှိ မီးတောင် အနီးတစ်ဝိုက်ဧရိယာသည် ဧပြီလ ၈ ရက်ေန့က ပေါက်ကွဲမှုဖြစ်ပွားချိန်အထိ ဘေးလွတ်ရာရွှေ့ပြောင်းမိန့် ထုတ်ထားဆဲဒေသဖြစ်သည်။
“ယနေ့နံနက် ၅း၅၁ နာရီမှာ စတင်ခဲ့တဲ့ Kanlaon မီးတောင် တောင်ထိပ်မှာ ပေါက်ကွဲမှုကြီးက အခုချိန်ထိဖြစ်နေတုန်းပဲ” ဟု ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ဗေဒ အင်စတီကျူ့က ထုတ်ပြန်ပြောဆိုခဲ့သည်။ မီးတောင်သည် အနောက်တောင်ဘက်သို့ ရွေ့လျားနေသော မီတာ ၄,၀၀၀ ခန့်မြင့်သည့် မီးတောင်ပြာတိမ်တိုက်ကြီးကို ထုတ်လွှတ်နေသည်ဟုလည်း ဆိုခဲ့သည်။
“မီးတောင်ပေါက်ကွဲမှုအတွက် ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်။ လွန်ခဲ့တဲ့ ဒီဇင်ဘာလက ပေါက်ကွဲခဲ့မှုအတွင်းမှာ မီးတောင်ဝန်းကျင် ၄ ကီလိုမီတာကနေ ၆ ကီလိုမီတာအတွင်းက မိသားစုတွေကို ပြောင်းရွှေ့ထားပြီးသားပါ” ဟု နီဂရိုးအော့ဆီဒင်န်တယ်လ်ပြည်နယ် လာကက်စ်တယ်လ်လားနား မြို့မှ ကယ်ဆယ်ရေးအရာရှိ မစ္စတာ ဂျွန်ဖဒီယေးဆစ် က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။
“အခုလောလောဆယ်တော့ မီးတောင်ပြာကျဆင်းမှုတွေ ဘယ်ရွာတွေကို သက်ရောက်မလဲဆိုတာ စောင့်ကြည့်နေပါတယ်” ဟု သူက ဆက်လက် ပြောဆိုခဲ့သည်။
မြို့ရှိ စာသင်ကျောင်းများကို ပိတ်ရန်နှင့် လုပ်ငန်းဆောင်တာများကို ရပ်တန့်ရန် အကြံပြုထားကြောင်းလည်း သူက ပြောဆိုခဲ့သည်။ Ref: သည်စထရိတ်တိုင်းမ်စ်
ဖိလစ်ပိုင်မှာ မီးတောင်ပေါက်၊ ပြာများ ၄ ကီလိုမီတာအထိလေထုထဲတက်
