မနီလာ၊နိုဝင်ဘာ ၂၁
ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာနှင့်တွေ့ဆုံပြီးနောက် အမေရိကနှင့်ဖိလစ်ပိုင်ဆက်ဆံရေးသည် ကြာရှည်တည်တံ့သောဆက်ဆံရေးမျိုးဖြစ်ပြီး ဖိလစ်ပိုင်အပေါ်ထားရှိသည့် အမေရိက၏ ကတိကဝတ်များသည်လည်း ပြောင်းလဲခြင်းမရှိကြောင်း ကန်ဒုသမ္မတကမ်မလာဟားရစ်က ပြောကြားခဲ့သည်။
ဒုသမ္မတသည် ဖိလစ်ပိုင်နိုင်ငံနှင့် လုံခြုံရေး၊စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ ခိုင်မာမှုကို အလေးပေးပြောကြားခဲ့ပြီး လွတ်လပ်ပွင့်လင်းသော အင်ဒို – ပစိဖိတ်ဒေသကို ပံ့ပိုးပေးနိုင်သည့်တိုးချဲ့ပူးပေါင်းဆောင်ရွက်မှုကိုလည်းကြိုဆိုခဲ့သည်။
ယင်းနောက်၎င်းတို့နှစ်ဦးသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာများအပါအဝင် နိုင်ငံတကာစည်းမျဉ်းများ၊စံနှုန်းများအတိုင်း ရပ်တည်ရန်အရေးကြီးကြောင်းလည်းဆွေးနွေးခဲ့ကြသည်။
ထို့ကြောင့်ပင်ပစိဖိတ်ဒေသရှိ ဖိလစ်ပိုင်တပ်ဖွဲ့များ၊အများသုံးရေယာဉ်နှင့်လေယာဉ်များအား တိုက်ခိုက်မှုများပြုလုပ်လာပါက အမေရိကအနေဖြင့် ၁၉၅၁ ခုနှစ်က နှစ်နိုင်ငံသဘောတူချုပ်ဆိုခဲ့သော ကာကွယ်ရေးစာချုပ်အရ ဖိလစ်ပိုင်ကိုကာကွယ်မည်ဖြစ်ကြောင်း ဒုသမ္မတကထပ်မံအတည်ပြုခဲ့သည်။
ယင်းနောက် စားနပ်ရိက္ခာနှင့်စွမ်းအင်ဖူလုံရေးဆိုင်ရာ ကိစ္စရပ်များအတွက်လည်းဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။ရာသီဥတုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက်လည်း ဆွေးနွေးခဲ့ကြသည်။
နောက်ဆုံး၌မူ ဒုသမ္မတသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းလွတ်လပ်ခွင့် အပါအဝင် လူ့အခွင့်အရေးလေးစားလိုက်နာမှုနှင့် ဒီမိုကရေစီအခြေခံမူများကို မြှင့်တင်ရန်အရေးကြီးကြောင်းကိုလည်း အလေးပေးပြောကြားခဲ့ကြောင်းသိရှိရသည်။
Ref 1 : Readout of Vice President Harris’s meeting with President Marcos of the Philippines by THE WHITE HOUSE
Ref 2 & photo credit : VOA