ဖူကူရှီးမား ဒိုင်အီချီ နျူကလီးယားဓါတ်အားပေးစက်ရုံအနီးမှ ရယူခဲ့သော ပင်လယ်ရေနမူနာများကို တရုတ်သုတေသနအင်စတီကျူးရှင်းများ၏ စမ်းသပ်စစ်ဆေးမှုများမာ မကြာခင်က ပြီးမြောက်ခဲ့ပြီဖြစ်ပြီး Tritium cesium-137 နှင့် strontium-90 ကဲ့သို့သော အန္တရာယ်ရှိသည့် ဒြပ်စင်များပါဝင်နေသည့် မူမမှန်သော လက္ခဏာများမတွေ့ရဟု တရုတ်အဏုမြူစွမ်းအင်အာဏာပိုင်အဖွဲ့က ပြောကြားလိုက်သည်။
တွေ့ရှိခဲ့သော အချက်အလက်များအပေါ် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA) က စုစည်းထုတ်ပြန်သွားမည်ဖြစ်သည်ဟု အာဏာပိုင်အဖွဲ့က ဇန်နဝါရီ ၂၂ ရက်တွင် ပြောဆိုသည်။
တရုတ်ကျွမ်းကျင်ပညာရှင်များသည် အောက်တိုဘာလလယ်က ဖူကူရှီးမား နျူကလီးယားရေဆိုးထုတ်ရာ ပင်လယ်ရေပြင်အနီးသွားရောက်ခဲ့ပြီး စိတ်ကြိုက်စုဆောင်းရယူခဲ့သော စမ်းသပ်နမူနာများသည် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ဂျပန်အစိုးရသည် ကြီးမားသော သံသယများ နိုင်ငံတကာအဖွဲ့အစည်းများ၏ ပြင်းထန်သော ကန့်ကွက်မှုများကို လျစ်လျူရှုကာ ဖူကူရှီးမား ဒိုင်အီချီနျူကလီးယားဓါတ်အားပေးစက်ရုံမှ နျူကလီးယားရေဆိုးများကို ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၄ ရက်တွင် ကိုယ့်သဘောနှင့်ကိုယ် ပင်လယ်အတွင်း စွန့်ထုတ်ခဲ့ပြီးနောက်ပိုင်း တရုတ်နိုင်ငံက ပထမဆုံးအကြိမ် လွတ်လပ်စွာ ရေနမူနာစုဆောင်းရယူခဲ့ခြင်းဖြစ်သည်။
အကျိုးစီးပွား ပါဝင်ပတ်သက်သူများ အများအပြား ပါဝင်နိုင်သည့် လွတ်လပ်ပြီး ထိရောက်သော ရေရှည်နိုင်ငံတကာစောင့်ကြည့်ရေးအစီအစဉ်ထူထောင်ခြင်းနှင့် တရုတ်နိုင်ငံက လွတ်လပ်စွာ နမူနာကောက်ယူခြင်းနှင့် စောင့်ကြည့်ခြင်းကို အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မည်ဟု စက်တင်ဘာလတွင် ဂျပန်အစိုးရက သဘောတူခဲ့ပြီးနောက် ရေနမူနာ စုဆောင်းရယူခဲ့ခြင်းဖြစ်သည်။
သက်ဆိုင်ရာ တတ်သိနားလည်သူများ၏ လွတ်လပ်သော နမူနာကောက်ယူခြင်းသည် နိုင်ငံတကာအသိုင်းအဝိုင်းအား စစ်မှန်ပြီး ထိရောက်သော ဒေတာများရရှိစေရန်နှင့် ရေဆိုးစွန့်ပစ်မှု၏ သက်ရောက်မှုကို အချိန်နှင့်တစ်ပြေးညီ အသိပေးရာတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများကို ကိုးကား၍ ဂလိုဘယ်တိုင်းမ်က သတင်းဖော်ပြခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်