တိုက်ပွဲများ ဖြစ်ပွားနေသည့် ကချင် ပြည်နယ်၊ ဗန်းမော်မြို့တွင်းရှိ စစ်ရှောင်ပြည်သူ (၅၄)ဦးကို ဘေးလွတ်ရာ(၅) နေရာသို့ ပထမဆုံးအကြိမ် ကယ်ဆယ်ပို့ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ဗန်းမော်အခြေစိုက် မြေပြင်ကယ်ဆယ်ရေးအဖွဲ့တစ်ခုထံမှ သိရသည်။
ဒေသခံစစ်ရှောင်များကို ဒီဇင်ဘာ (၁၂) ရက်မှ စတင်ကယ်ထုတ်ခဲ့ပြီး ဘေးလွတ်ရာ နေရာများဖြစ်သည့် စီခမ်း ၊မောင်းကုန်း၊ ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးမြို့များသို့ အရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
“အခြေနေပေးရင် ဘေးကင်းတဲ့လမ်းကြောင်းကနေ ဒုတိယအကြိမ် ကယ်ဆယ်ရေးခရီး စီစဉ်ဦးမှာပါ”ဟု မြေပြင်ကယ်ဆယ်ဆောင်ရွက်နေသည့်အဖွဲ့က ဆိုသည်။
တစ်ဘက်တွင်လည်း အခြားသော ဒေသခံပြည်သူများ ရေလမ်းခရီးမှ ရာနှင့်ချီ၍ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခြင်းများလည်းရှိနေ သည်။
လက်ရှိတွင် ဒေသတွင်းလက်နက်အဖွဲ့ဖြစ်သည့် KIA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ၊ စစ်ရှောင်ပြည်သူများအတွက် အရေးပေါ်လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် ကျန်ရှိနေသော ဒေသခံများ ဘေးလွတ်ရာပြောင်းရွှေ့နိုင်ရေးအတွက် ကချင်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းများက စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
ဗန်းမော်မြို့ တိုက်ပွဲအတွင်း အရပ်သားသေဆုံးသူ (၃၀)ခန့်နှင့် ဒဏ်ရာရရှိသူ (၁၀၀) ကျော်ရှိသည်ဟု သိထားရပြီးအရေးပေါ် အကူအညီတွေ လိုအပ်နေကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားနေသည့် အခြေအနေနှင့် မြို့တွင်း ကျန်ရှိဒေသခံပြည်သူ အရေအတွက် မည်မျှရှိနေသေးသည်ကို အင်တာနက်နှင့် ဖုန်းလိုင်း အခက်အခဲကြောင့် ပေါ်ပြူလာနယူးစ်အနေဖြင့် သီးခြားအတည်ပြုရန် ခက်ခဲနေသည်။
ဓာတ်ပုံ-CJ