သွင်းကုန်လုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်မှ ထိုင်းဘတ်နှင့်ယွမ်များကို ဒီဇင်ဘာလ ၂၆ ရက် (ယမန်နေ့)တွင် ထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ယမန်နေ့တွင် ဗဟိုဘဏ်မှ ထိုင်းဘတ် ၄ ဒသမ ၇၂၅ သန်းနှင့် တရုတ်ယွမ် ၅ သိန်း ထပ်မံထုတ်ရောင်းပေးခဲ့ပြီး ယခုထပ်မံထုတ်ရောင်းပေးမှုအပါအဝင် ဒီဇင်ဘာ ၂၆ ရက်အထိ သုံးပတ်ကျော်အတွင်း ဗဟိုဘဏ်မှဒေါ်လာ ၁၃၉ သန်းခွဲကျော်၊ ထိုင်းဘတ် ၃၂၀ ဒသမ ၅၃၉ သန်းနှင့် တရုတ်ယွမ် ၁၀ ဒသမ ၉၃၄ သန်းအထိ ထုတ်ရောင်းပေးထားကြောင်း သိရသည်။
ဗဟိုဘဏ်မှ နိုင်ငံခြားငွေဈေးနှုန်း မြင့်တက်မှုမရှိစေရန် ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များကို ဆက်တိုက်ထုတ်ရောင်းပေးလျက်ရှိရာ ပြင်ပငွေကြေးဈေးကွက်တွင်လည်း နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးငြိမ်နေကြောင်း သိရသည်။
ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်မှ နိုဝင်ဘာလ ၂၉ ရက်အထိ လေးလအတွင်း ဒေါ်လာ ၃၃၅ သန်းကျော်၊ ထိုင်းဘတ် ၁ ဒသမ ၂၇၄ ဘီလီယံကျော်နှင့် တရုတ်ယွမ် ၅၆ သန်းခန့်အထိ ထုတ်ရောင်းပေးထားသလို ယခုဘဏ္ဍာနှစ်၏ ခုနှစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလီယံကိုလည်း သီးသန့်ထုတ်ရောင်းပေးထားကြောင်း ဗဟိုဘဏ်ထုတ်ပြန်ချက်အရ သိရသည်။