သွင်းကုန်လုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်မှ Online Trading Platform မှတဆင့် ဒေါ်လာ ၊ ထိုင်းဘတ်နှင့် ယွမ်များကို ဒီဇင်ဘာလ (၂၇) ရက်တွင် ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။
ဒီဇင်ဘာ (၂၇)ရက်နေ့တွင် ဗဟိုဘဏ်မှ ဒေါ်လာ (၄ ဒသမ ၂၅၀) သန်း၊ ထိုင်းဘတ် (၁ ဒသမ ၃၃၂)သန်းနှင့် တရုတ်ယွမ် (၄၄၀,၀၀၀) ကျော် ထပ်မံထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လတွင်ဒေါ်လာဈေး စံချိန်တင်မြင့်တက်ခဲ့ပြီးနောက်ပိုင်း ဗဟိုဘဏ်မှ မြင့်တက်နေသ ည့် နိုင်ငံခြားငွေလဲလှယ်နှုန်းကို တည်ငြိမ်စေရန် နိုင်ငံခြားငွေများကို အလုံးအရင်းဖြင့် ထုတ်ရောင်းပေးခဲ့သည်။
ထိုကဲ့သို့ ထုတ်ရောင်းပေးခဲ့ပြီးနောက်ပိုင်း ဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်း ကျပ် (၅,၀၀၀) အောက်သာရှိခဲ့ပြီး ယမန်နေ့တွင် တစ်ဒေါ်လာ (၄,၄၅၀)ကျပ်၊ ထိုင်းဘတ် တစ်ဘတ် (၁၃၀) ကျပ်နှင့် တရုတ်ယွမ် တစ်ယွမ် (၆၁၂) ကျပ် ဖြစ်ပေါ်ခဲ့ပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။
ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာလ (၂၉) ရက်အထိ (၄)လအတွင်း ဒေါ်လာ (၃၃၅) သန်းကျော်၊ ထိုင်းဘတ် (၁ ဒသမ ၂၇၄)ဘီလီယံကျော်နှင့် တရုတ်ယွမ် (၅၆) သန်းခန့်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်သည့်အပြင် ယခုဘဏ္ဍာနှစ် (၇)လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ(၁)ဘီလီယံကိုလည်း သီးသန့်ထုတ်ရောင်းပေးထားသည်။