နစက ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး အဖြစ် ယနေ့တွင် ပြောင်းလဲခန့်အပ်ခြင်းခံခဲ့ရသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်းမှ ဥက္ကဋ္ဌအဖြစ်ဦးဆောင်မည့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်အား ယနေ့ ဒီဇင်ဘာ ၁၈ ရက်က နစက၏အမိန့်အမှတ် ၅၅/၂၀၂၄ ဖြင့် ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့သည်။
နစက အနေဖြင့် ယင်းကော်မရှင်အား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခြင်းဖြစ်ကြောင်း ဖော်ပြထားပြီး တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သီးခြားထုတ်ပြန်သွားမည်ဟု ဆိုသည်။
ကော်မရှင်၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းမှ ဒု-ဥက္ကဋ္ဌ (၁)၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်မှ ဒု-ဥက္ကဋ္ဌ(၂)၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအေးကျော်က အတွင်းရေးမှူး၊ စွမ်းအင်ဝန်ကြီးဌာန ဒု-ဝန်ကြီးဦးသန့်စင်က တွဲဖက်အတွင်းရေးမှူးတို့အဖြစ် တာဝန်ယူသွားမည်ဖြစ်သည်။
ထို့ပြင် အဖွဲ့ဝင်များတွင် ဝန်ကြီးဌာန(၇)ခုမှ ပြည်ထောင်စုဝန်ကြီး ၇ ဦး၊ ဝန်ကြီးဌာန(၄)ခုမှ ဒု- ဝန်ကြီး ၅ ဦး၊ ညွှန်ကြားရေးမှူး ၁ ဦး၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ အတွင်းရေးမှူး ၁ ဦး တို့က ပါဝင်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ဖော်ပြထားသည်။