တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ယခုနှစ်အတွင်း သူ၏ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် လာမည့်သီတင်းပတ်၌ အရှေ့တောင်အာရှ သုံးနိုင်ငံကို သွားရောက်မည်ဖြစ်ပြီး အမေရိကနှင့် ကုန်သွယ်ရေးတင်းမာမှုများ ပြင်းထန်လာချိန်တွင် တရုတ်နိုင်ငံ၏ အနီးကပ်ဆုံး အိမ်နီးချင်းအချို့နှင့် ဆက်ဆံရေးခိုင်မာစေရန် ဆောင်ရွက်မည်ဖြစ်သည်။
ရှီသည် ဧပြီ ၁၄ ရက်မှ ၁၅ ရက်အထိ ဗီယက်နမ်နိုင်ငံ၊ ဧပြီ ၁၅ ရက်မှ ၁၈ ရက်အထိ မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံများကို သွားရောက်မည်ဖြစ်သည်ဟု နိုင်ငံပိုင် ရှင်းဟွာသတင်းဌာနက သောကြာနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ယခုနှစ်တွင် သမ္မတ ဒေါ်နယ်ထရမ့်ပ် တက်လာခဲ့ပြီးနောက်ပိုင်း အမေရိက၏ သွင်းကုန်ခွန် ၁၄၅ ရာခိုင်နှုန်းအထိ စည်းကြပ်ခံထားရသော တရုတ်သည် ဝါရှင်တန်၏ မြင့်မားသော အခွန်စည်းကြပ်မှုများ၏ဒဏ်ကို ခံနေရသော အခြားနိုင်ငံများနှင့် ဆက်ဆံရေးအားကောင်းစေရန် သွက်သွက်လက်လက် လှုပ်ရှားနေသည်။
ကမ္ဘောဒီးယား ၄၉ ရာခိုင်နှုန်း၊ ဗီယက်နမ် ၄၆ ရာခိုင်နှုန်းနှင့် မလေးရှား ၂၄ ရာခိုင်နှုန်း အပါအဝင် ထရမ့်ပ်၏ အပြန်အလှန်အခွန်းစည်းကြပ်မှု ချမှတ်ခံထားရသော နိုင်ငံအချို့သည် အမေရိကန်ပြည်ထောင်စု၏ ပြန်လည်သက်သာခွင့်ပေးထားမှုကို စတင်ခံစားနေရပြီဖြစ်သောကြောင့် ဝါရှင်တန်နှင့် ပေကျင်းအကြား တင်းမာမှုများ ဆက်လက်မြင့်တက်နေခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံများသို့ ရှားရှားပါးပါး အပြန်အလှန်လည်ပတ်မှုခရီးစဉ်များသည် ရှီအတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သံတမန်ဆက်ဆံရေး မြင့်မားသည့် အမှတ်အသားဖြစ်သည်။ တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံအားလုံးနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းအောင်လုပ်ဆောင်မည်ဟု ယခုသီတင်းပတ်အစောပိုင်းတွင် တရုတ်သမ္မတက ကတိပြုခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
