ရန်ကုန်-မော်လမြိုင်လမ်း၊ ဘီးလင်းမြို့အထွက်ရှိ ကျုံအိတ်တံတားကို အသစ်ပြန်လည်တည်ဆောက်နေသည့်အတွက် အဆိုပါ လမ်းပိုင်းအတွင်း သွားလာကြသည့် ယာဉ်များကို တစ်လမ်းမောင်းစနစ်ဖြင့် အလှည့်ကျ ဖြတ်သန်းခွင့်ပြုနေကြောင်း သိရသည်။
အဆိုပါ ကျုံအိတ်တံတားအား ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရွှေသံလွင်ဟိုက်ဝေးကုမ္ပဏီတို့ပူးပေါင်း၍ ပြန်လည် ဆောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
လမ်းပိုင်းအတွင်း ဖြတ်သန်းသွားလာသည့် ယာဉ်အစီးရေများပြားနေခြင်းကြောင့် တန်းစီစောင့်ဆိုင်းမှုများရှိနေသည်ဟု ရန်ကုန်-မော်လမြိုင် ယာဉ်မောင်းတစ်ဦးထံက သိရသည်။
“ပြန်ဆောက်နေတာသုံးလေးရက် ရှိပြီ။ကားတွေကတော့များတယ်။ဟိုဘက်ဒီဘက် နှစ်ခုပေါင်း တစ်ရာနီးပါးလောက်ရှိမလားမသိဘူး။ ပိတ်ထားတာတော့မဟုတ်ဘူး တစ်လမ်းထဲကို အလှည့်ကျစနစ်နဲ့ ပေးဖြတ်နေပါတယ်။”ဟု ၎င်းကပြောသည်။
မွန်ပြည်နယ် ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် KNU/PDf အဖွဲ့က ရန်ကုန်-မော်လမြိုင်လမ်းပိုင်းပေါ်ရှိ ကျုံအိတ်တံတားအပါအဝင် တံတားလေးစင်းကို မိုင်းထောင်ဖျက်ဆီးခဲ့ကြရာတွင် ကလိကျွန်းတဲတား(ခ)ကရင်လေးဆိပ်တံတားကို (၁)ကြိမ်၊ ကျုံအိတ်တံတားအား (၂ ) ကြိမ်၊ မစောတံတားအား (၁) ကြိမ်၊ မိုးကောင်းတံတားအား (၂)ကြိမ် အသီးသီး ဖောက်ခွဲဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။
ဓာတ်ပုံ-CJ