ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာ၌ ပဲခူး တိုင်းအစိုးရအဖွဲ့အစီအစဥ်ဖြင့် ဘုရင့်နောင်မင်း တရားကြီးစီးနင်းခဲ့သည့် မြင်း(၁၆)ကောင်ဆွဲလှည်းယာဉ်တော်ကြီးအား မူလပုံစံအရွယ်အစားအတိုင်းတည်ဆောက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ တည်ဆောက်နေမှုအား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ဒီဇင်ဘာ ၂၁ ရက်ကကြည့်ရှုစစ်ဆေး၍ ရှေးမူလက်ရာအတိုင်းဆောက်လုပ်ရာတွင် သမိုင်းဆိုင်ရာအချက်အလက်မှန်များကို ကိုးကားဆောင်ရွက်ရန်၊ ခိုင်ခန့်မှုကိုဦးစားပေးရန်၊ မြန်မာလက်မှု အနုပညာလက်ရာအနုစိတ်များထည့်သွင်းဆောင်ရွက်ရန် မှာကြားသည်။
ထို့ပြင် အေဒီ ၁၅၆၆ ခုနှစ်တွင် ကမ္ဘောဇသာဒီနန်းတော်၊ ဟံသာဝတီမြို့တော်သစ်နှင့် ဒုတိယမြန်မာနိုင်ငံအားတည်ထောင်သူ ဘုရင့်နောင်မင်း တရားကြီး(ဆင်ဖြူများရှင်)စီးနင်းသည့် ပုံစံတူရထားလုံးတော်ကြီးဖြစ်၍ ခန့်နားထည်ဝါစွာတည်ဆောက်နိုင်ရန် သမိုင်းပညာရှင်များ၊ တာဝန်ရှိသူများနှင့်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ပဲခူးတိုင်းဝန်ကြီးချုပ်သည် သိန္နီတံခါး ပေါက်အနီးရှိ ဟံသာဝတီရှေးဟောင်းမြို့ရိုး၊ တောင်ငူတံခါးပေါက် ပြန်လည်ဖော်ထုတ်ထားရှိမှုနှင့် မြေယာအလှရှုခင်း၊ ကျုံးပတ်လမ်းဆောင်ရွက်ထားမှု၊ ပဲခူးမြို့၌ ရှေးဟောင်းသမိုင်းဝင် လိပ်ပြာကန်အား တိုင်းအစိုးရအဖွဲ့အစီအစဉ်ဖြင့် ဘက်စုံပြန်လည်အဆင့်မြှင့်တင်နေမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးစဥ် မြို့ရိုးအုတ်စီအုပ်သားများ ပျက်စီးမှုမရှိစေရေး စနစ်တကျဖော်ထုတ်ရန်၊ တူးဖော်ရရှိသည့် ရှေးဟောင်းပစ္စည်းများအား ပ စ္စည်းအမျိုးအစားအလိုက် စနစ်တကျမှတ်တမ်းတင်ထိန်းသိမ်းထားရန် တာဝန်ရှိသူများအားမှာ ကြားခဲ့သည်။