မြန်မာနိုင်ငံ၌ အင်အားအလွန်ပြင်းထန်သည့်ငလျင် လှုပ်ခတ်ခဲ့သည်မှာ ၆ ရက်တိုင်ရှိပြီဖြစ်သော်လည်း ဧပြီ ၃ ရက်အထိ အသက်ရှင်လျက်ကယ်ထုတ်နိုင်သူများရှိနေသေးသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအ စည်းအဝေးတက်ရောက်ခဲ့သည့် နစက ဥက္ကဋ္ဌသည် ဧပြီ ၄ ရက်မွန်းလွဲပိုင်းက ဘူတန်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Tshering Tobgay နှင့်တွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။
ဘူတန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ဝင်ရောက်ကူညီဆောင်ရွက်ပေးမှုများအတွက် များစွာကျေးဇူးတင်သည်ဟု နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ဘူတန်နိုင်ငံဝန်ကြီးချုပ်မှလည်း မြန်မာနိုင်ငံအတွက် လိုအပ်သည့် အကူအညီများကိုဆက်လက်ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့သည်။
ထို့နောက် ၎င်းတို့နှစ်ဦးသည် နှစ်နိုင်ငံကြား ကျန်းမာရေးကဏ္ဍနှင့် ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ယဉ်ကျေးမှုများအပြန်အလှန်ဖလှယ်ရေးဆောင်ရွက်လျက်ရှိမှုနှင့် အခြားပူးပေါင်းဆောင်ရွက်၍ရသည့် ကဏ္ဍများ၌ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရေးနှင့် နှစ်နိုင်ငံကြားချစ်ကြည်ရင်းနှီးမှုများ ယခုထက်ပိုမိုတိုးတက်အောင်ဆောင်ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။