စစ်ကိုင်းတိုင်းဒေသကြီး ၊ မင်းကွန်းဒေသရှိ မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင် လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီများ လိုအပ်နေကြောင်း အဆိုပါ ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများနှင့် ဘိုးဘွားများ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ဘိုးဘွားရိပ်သာရှိသည့် နေရာသည် တိုက်ပွဲများဖြစ်ပွားရာ နေရာဖြစ်သည့်အတွက် အနီးပတ်ဝန်ကျင် ကျေးရွာများ၌ ရွာသူရွာသားများ တစ်ဦးတစ်ယောက်မျှ နေထိုင်တော့ခြင်း မရှိတော့ကြောင်း ပေါ် ပြူလာနယူးစ်၏ သတင်းထောက်မှ မျက်မြင်အတည်ပြုထားနိုင်သည့် အခြေအနေဖြစ်သည်။
” အလိုအပ်ဆုံးကတော့ စက်သုံးဆီပေါ့နော်။ ပြီးတော့ အဘိုးအဘွားတွေအတွက် ဆေးဝါးနဲ့ မုန့်ပဲသရေစာလည်းလိုအပ်တယ်။ ဆန်ကတော့ နည်းနည်းရှိသေးတယ်။ ဆီလည်း လိုတယ်။ ကြာပြီလေ ၊ ငလျင်မဖြစ်ခင်ကတည်းက ဘယ်သူမှမရှိတော့တာ။ ဘာမှလည်း ဝယ်ခြမ်းမရဘူး။ အရမ်းကို အခက်အခဲ ဖြစ်နေတာ” ဟု အဆိုပါ ဘိုးဘွားရိပ်သာမှတာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် (၂၈)ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် အဆိုပါ ဘိုးဘွားရိပ်သာ မုဒ်ဦးအပါအဝင် အုတ်တံတိုင်းများ၊ အဆောက်အဦ မျက်နှာကျက်များ ပြိုကျပျက် စီး ခဲ့သည့်အပြင် ယင်း ငလျင်ဒဏ်ကြောင့် မင်းကွန်းဒေသရှိ သာသနိက အဆောက်အဦးများနှင့် ဘုရားစေတီများ ပြိုကျပျက်စီးမှုများရှိခဲ့ကာ ယနေ့အချိန်ထိ ဖယ်ရှားရှင်းလင်းနိုင်ခြင်းမရှိသေးပေ။
ထို့ပြင် မင်းကွန်းဒေသမှ ရှေ့သို့ ဆက်သွားရသည့် မြသိန်းတန်စေတီလည်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားပြီး အုပ်ပုံအတိ ဖြစ်ပေါ်သွားကြောင်း သိရသည်။
အဆိုပါ ငလျင်ဒဏ်ကြောင့် ဘုန်ကြီးကျောင်းများလည်း ပြိုကျပျက်စီးခဲ့ပြီး သံဃာတော်များလည်း ပိမိကာပျံလွန်တော်ပြီး ယနေ့အချိန်အထိ ဖယ်ရှားရှင်းလင်းနိုင်ခြင်းမရှိကြောင်း သိရသည်။
ယနေ့ ဧပြီလ (၂) ရက် မွန်းလွဲ (၃)နာရီဝန်းကျင်ကလည်း စဉ့်ကိုင်မြို့အနီး ဗဟိုပြုကာ အင်အား (၃.၇) အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ပြီး အဆိုပါ ငလျင်၏ အရှိန်ကြောင့် မင်းကွန်းပုထိုးတော်ကြီးတွင် ပြိုကျပျက်စီးမှုများ ထပ်မံဖြစ်ပွားခဲ့သေးသည်။