မင်းသမီးအန်းဟက်ရှ် ယာဉ်တိုက်မှုဒဏ်ရာများဖြင့်ကွယ်လွန်
လော့ဆန်းဂျလိစ်၊ဩဂုတ် ၁၃
နာမည်ကျော်ဟားလဝတ်ဒ်မင်းသမီး အန်းဟက်ရှ်သည် ယာဉ်တိုက်မှုဖြစ်ပြီးတစ်ပတ်အကြာ၌ သေဆုံးသွားပြီဖြစ်ကြောင်း၎င်း၏ ပြောရေးဆိုခွင့်ရှိသူက သောကြာနေ့တွင် ပြောကြားခဲ့သည်။
အသက် ၅၃ နှစ်အရွယ်ရှိ ဟက်ရှ်သည်သြဂုတ် ၅ ရက်က ယာဉ်တိုက်မှုပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ပြင်းထန်ေသာဦးနှောက်ဒဏ်ရာဖြင့် ဆေးရုံတွင် သတိလစ်နေခဲ့ကာ ဆေးကုသမှုခံယူ နေခဲ့ရခြင်းဖြစ်သည်။
“နှလုံးခုန်နေသေးပေမဲ့ ဦးနှောက်ကအလုပ်မလုပ်တော့တာကြောင့် ကလီဖိုးနီးယားဥပဒေအရတော့ သူကသေဆုံးခဲ့ပြီဖြစ်ပါတယ်။မိသားစုကတော့ နှလုံးခုန်နေသေးတဲ့အတွက်လက်မလျှော့ချင်သေးပေမဲ့ အခုတော့ သူမရဲ့ခန္ဓာကိုယ်ထဲကကောင်းတဲ့အစိတ်အပိုင်းတွေကို ထုတ်ယူလှူဒါန်းဖို့ဆုံးဖြတ်လိုက်ပါပြီ” ဟု Holly Baird ကအေအက်ဖ်ပီသတင်ဌာန သို့ပြောခဲ့သည်။
“ဒီနေ့မှာတော့ တောက်ပတဲ့အလင်းရောင်၊ ကြင်နာပြီးအပျော်ရွှင်တတ်ဆုံး နှလုံးသား၊ ချစ်စရာကောင်းတဲ့ အမေနဲ့ သစ္စာရှိတဲ့ သူငယ်ချင်းကို ဆုံးရှုံးလိုက်ရပါတယ်” ဟု မိသားစု၏ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
“သူ့ကိုဆုံးရှုံးလိုက်ရပေမဲ့ သူ့ရဲ့အမှန်တရားအတွက်ရဲရင့်မှု၊ချစ်ခြင်းမေတ္တာတရားတွေကတော့ ထာဝရရှင်သန်အမှတ်ရနေစေမှာပါ” ဟုလည်းဆိုသည်။
၁၉၉၀ ပြည့်လွန်နှစ်များက Donnie Brasco နှင့် Six Days , Seven Nights စသည့် အမည်ကျော်ဇာတ်ကားများ၏ သရုပ်ဆောင်တစ်ဦးဖြစ်ကာ talk show အစီအစဉ်တင်ဆက်သူ Ellen Degeneres ၏ချစ်သူတစ်ဖြစ်လဲအန်းဟက်ရှ်သည် လော့ဆန်းဂျလိစ်မှ Mar Vista တွင်ယာဉ်တိုက်မှုဖြစ်ခဲ့ခြင်းဖြစ်သည်။
ယာဉ်တိုက်မှုပြင်းထန်ခြင်းကြောင့် အခင်းဖြစ်ပွားရာနေရာ၌ “အဆောက်အအံုနှင့် မီးအကြီးအကျယ်လောင်ကျွမ်းခြင်းများဖြစ်ပွားခဲ့ကြောင်း” လော့ဆန်းဂျလိစ် မီးသတ်ဌာနမှသိရှိရသည်။
“ညီလေး Atlas နဲ့ ကျွန်တော့်အတွက်တော့ မိခင်ဆုံးရှုံးသွားရပေမဲ့ အမေ့ရဲ့နာကျင်မှုတွေကနေလွတ်မြောက်ပြီး ထာဝရလွတ်လပ်သွားပါပြီ” ဟု အန်း၏သားအကြီး Homer Laffoon ကဆိုသည်။
ဟားလဝတ်ဒ်သရုပ် ဆောင် အန်ဟက်ရှ်သည် Tony Award,Emmy Award စသည့်ဆုများအပြင် အခြားဆုတံဆိပ်များကိုလည်းပိုင်ဆိုင်ထားသည့် နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်သည်။
Source – AFP/ss