မစ္စ နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဥ်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မိဟုမြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန သဘောထားထုတ်ပြန်
အမေရိကန်နိုင်ငံ၊ အောက်လွှတ်တော် ဥက္ကဋ္ဌ မစ္စ နန်စီပလိုစီ ထိုင်ဝမ်သို့ သွားရောက်ခဲ့သော ခရီးစဥ်အပေါ် စိုးရိမ်ပူပန်မိကြောင်း မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့သြဂုတ် ၃ တွင်ထုတ်ပြန်ထားသည်။
ယင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း မတည်ငြိမ်မှုများဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်သည့်လုပ်ရပ်များနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်သော အားထုတ်မှုများကို ဆန့်ကျင်ကြောင်း ဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုများမြင့်တက်စေသော အမေရိကန်နိုင်ငံအောက်လွှတ်တော်ဥက္ကဋ္ဌ မစ္စနန်စီပလိုစီ၏ ထိုင်ဝမ် (တရုတ်-တိုင်ပေ) သို့ သွားရောက်ခဲ့သော ခရီးစဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် များစွာစိုးရိမ်ပူပန်မိသည်။
ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း မတည်ငြိမ်မှုများဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်သည့်လုပ်ရပ်များနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်သော အားထုတ်မှုများကို ဆန့်ကျင်သည်ဟု ပါရှိသည်။
အလားတူ ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အပြုသဘောဆောင်သော ဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးခြင်း တို့မှတစ်ဆင့် တင်းမာမှုများ လျော့နည်းစေရေး ဆောင်ရွက်သွားရန် မြန်မာနိုင်ငံအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံးသို့ တောင်းဆိုအပ်ပါသည်ဟု ဖော်ပြထားသည်။
ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အပြည့်အဝထောက်ခံပါကြောင်းနှင့် ထိုင်ဝမ် (တရုတ်-တိုင်ပေ) အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ခွဲထွက်မရသောအစိတ်အပိုင်းတစ်ခုအဖြစ် မှတ်ယူကြောင်း ထပ်လောင်းအတည်ပြုပါသည်ဟု ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။
မစ္စနန်စီပလိုစီသည် ၁၉ နာရီခန့် ကြာသည့်ထိုင်ဝမ်ခရီးစဉ်ကို အဆုံးသတ်ပြီး ထိုင်ဝမ်စံတော်ချိန် ညနေ ၆ နာရီ (မြန်မာစံတော်ချိန် ၄ နာရီခွဲ) အချိန်တွင် တောင်ကိုရီးယား နိုင်ငံသို့ ဆက်လက်ထွက်ခွာသွားပြီဖြစ်ကြောင်းသိရသည်။