နိုင်ငံခြားငွေလဲလှယ်နှုန်းကျဆင်းချိန်နှင့် အိန္ဒိယဝယ်လိုအား နည်းနေသည့်အတွက် မတ်ပဲနှင့် ပဲစင်းငုံဈေး ဆက်တိုက်ကျဆင်းလာကြောင်း ပဲဈေးကွက်အတွင်းမှ သိရသည်။
မတ်ပဲနှင့် ပဲစင်းငုံသည် အိန္ဒိယမှ အဓိကဝယ်ယူခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ဒေါ်လာဈေး ဆက်တိုက်ပြန်ကျလာခြင်းကြောင့် ပို့ကုန် ပဲဈေးကွက်အပေါ် သက်ရောက်မှု ရှိလာကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ နောက်ဆုံးပတ်တွင် တစ်တန်လျှင် ကျပ် (၃၈) သိန်းကျော်တက်ခဲ့သည့် မတ်ပဲဈေးသည် နိုဝင်ဘာ (၁၃) ရက်တွင် တစ်တန်လျှင် ကျပ် (၃၅) သိန်း (၇) သောင်းအထိ ပြန်ကျလာကြောင်း ကုန်သည်များ၏ပြောပြချက်အရ သိရသည်။
အလားတူ ပဲစင်းငုံဈေးသည်လည်း (၄၃) သိန်း (၁)သောင်းအထက်အထိ ရောက်ခဲ့ပြီးနောက် ဒေါ်လာဈေးနှင့်အတူ ပြန်ကျလာခဲ့ရာ လက်ရှိတွင် တစ်တန်ကို ကျပ် (၃၈) သိန်း (၇) သောင်း ဝန်းကျင်သာရှိကြောင်း သိရသည်။
လက်ရှိ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအထိ (၇) လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံ စုစုပေါင်းတန်ချိန် (၂ ဒသမ ၉၈) သန်း တင်ပို့ထားပြီး မြန်မာ နိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် ပဲမျိုးစုံကို အိန္ဒိယနှင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။