နွေကာလဖြစ်သည့် မတ်၊ ဧပြီနှင့် မေလများအတွင်းဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ အထူးဂရုပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မတ် ၁၅ ရက်က နွေကာလတွင်ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် အမှတ်စဉ်(၂/၂၀၂၅)ဖြင့် သတိပေးခဲ့သည်။
မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် မတ်၊ ဧပြီနှင့် မေလများအတွင်း နေ့အပူချိန်များတဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်နိုင်သည်ဟု မိုးဇလက သတိပေးခဲ့သည်။
အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် တစ်နာရီလျှင် မြေပြင်/ရေပြင်လေ မိုင် ၄၀ မှ မိုင် ၅၀ အထိ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျားမိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်ဟု မိုးဇလက သတိ ပေးခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံအရပ်ရပ်တွင်နေထိုင်သူများအနေဖြင့် အထူးဂရုပြုနေထိုင်ကြရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ်များအနေဖြင့်လည်း ကြိုတင်သတိပြုကြရန် မိုးဇလက အသိပေးနှိုးဆော်ခဲ့သည်။