ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီးသည် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်းအတွင်းရှိ အားကစားရုံများကိုပါသက်ရောက် ထိခိုက်ခဲ့သဖြင့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၇ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။
အားကစားပြိုင်ကွင်းကြီးအတွင်းရှိ ဘောလုံးကွင်းနှင့် ပြေးလမ်း ထိခိုက်ပျက်စီးခဲ့ရမှုများ၊ ပွဲကြည့်စင်နှင့် ဝင်ပေါက်များထိခိုက်ပျက်စီးခဲ့ရမှုများကို ပြန်လည်ပြုပြင်ရာတွင် သက်ဆိုင်ရာအဖွဲ့များမှ နည်းပညာရှင်များဖြင့် စနစ်တကျစစ်ဆေးပြုပြင်ရန်၊ အားကစားပွဲများကျင်းပချိန်တွင် အားကစားသမားများနှင့် ပရိသတ်များ အများအပြားလာရောက်မည်ဖြစ်၍ ကြံ့ခိုင်မှုကို အလေးပေးဆောင်ရွက်ရန်၊ မီတာ ၄၀၀ ပြေးလမ်းနှင့် ပွဲကြည့်စင်များရှိထိုင်ခုံများကို စနစ်တကျပြန်လည်ပြုပြင်ရန် မှာကြားခဲ့သည်။
ထို့ပြင်၂၀၁၃ ခုနှစ်၊ မေ ၃၁ ရက်ကတည်ဆောက်ပြီးစီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)နှင့်(B) အဆောက်အဦနှင့် ၂၀၁၃ ခုနှစ်၊ မေ ၃၀ ရက်ကတည်ဆောက်ပြီးစီးခဲ့သည့် ဝဏ္ဏသိဒ္ဓိရေ ကူးကန်တို့တွင်လည်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများစှိခဲ့သည်။
ယခုအားကစားရုံများအနေဖြင့် ထိခိုက်ပျက်စီးမှုအနည်းငယ်သာဖြစ်ပေါ်ခဲ့သော်လည်း Indoor Games များကျင်းပရာနေရာများဖြစ်၍ နည်းပညာရှင်များဖြင့် စနစ်တကျစစ် ဆေးကာ ကြံ့ခိုင်မှုအခြေအနေကိုသိရှိနိုင်ရေးဆောင်ရွက်ရမည်ဖြစ်ကာ လိုအပ်သည့်ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်ရာ၌ အဆောက်အဦကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုကိုဦးစားပေးပြီး စနစ်တကျပြန်လည်ပြုပြင်ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌမှ မှာကြားခဲ့သည်။