မန္တလေးတက္ကသိုလ် ရာပြည့်သဘင် အခမ်းအနားကို လာမည့်အောက်တိုဘာလတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၏ ပြောကြားချက်အရ သိရသည်။
နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ကို အထောက်အကူပြုစေမည့် ပညာရပ်များ ဆက်လက်မြှင့်တင်ဖြည့်ဆည်းပေးရန်၊ ပညာအခြေပြုလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗလငါးတန်နှင့်ပြည့်စုံသည့် ဘွဲ့ကြို၊ ဘွဲ့လွန်လူငယ်များ၏ တီထွင်ဖန်တီးမှု စွမ်းရည်များ ပြသရန် ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
တက္ကသိုလ်၏ ရှေ့နှစ် (၁၀၀) မျှော်မှန်းချက်ချမှတ်ရန်စသည့် ရည်ရွယ်ချက်များဖြင့် လာမည့်အောက်တိုဘာတွင် စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြရန် ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
မန္တလာတက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဇွန်လအမီ ကျောင်းဖွင့်နိုင်ရေး စီစဉ်ဆောင်ရွက်ထားမှုအခြေအနေများကိုလည်းကောင်း၊ ကျောက်ဆည်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ (လမ်းခွ) အခြေခံပညာအထက်တန်းကျောင်း၊ ကူမဲမြို့ အခြေခံပညာအထက်တန်းကျောင်းများ ဇွန်လကျောင်းဖွင့်ချိန်အမီ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့ပြင် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများကို သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် ဘာသာရပ်ဆိုင်ရာ ပြန်လည်သင်ကြားပေးမည့်အပြင် ပုံနှိပ်ဖတ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာများ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
