မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ရှေးဟောင်းသာသနိကအဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲရေး ရှေးမူမပျက်ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်နေကြောင်း သိရပြီး ထိုသို့ဆောင်ရွက်နေမှုများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည် နိုဝင်ဘာ (၂၄) ရက်နှင့် (၂၅)ရက်က လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့သို့လိုက်လံကြည့်ရှုရာတွင် အမရပူရမြို့နယ်ရှိ ရတနာပုဏ္ဏဝရဒါဌာဓာတု စေတိယ စွယ်တော်မြတ်စေတီတော် ပရိဝုဏ်သန့်ရှင်းသပ်ရပ် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ နန်းမြို့ရိုးအနောက်ဘက် စည်ရှည်တံခါးပေါက်နှင့် မြို့ရိုးများကြံ့ခိုင်မှုရှိစေရန် ပြုပြင်ထိန်းသိမ်းနေမှု၊ ပြာသာဒ်ကြီး၊ ပြာသာဒ်ငယ်အဆောင်များ ပြုပြင်ထိန်းသိမ်းနေမှု၊ နန်းမြို့ရိုးတောင်ဘက်နှင့် အနောက်ဘက်များတွင် ဆွေးမြည့်နေသည့် အုတ်များပြုပြင်နေမှု၊ စည်ရှည်တံတားအား မူလပုံသဏ္ဌာန်မပျက် ပြန်လည်တည်ဆောက်နေမှုတို့ကို ကြည့်ရှုခဲ့ကြသည်။
ထို့ပြင် မဟာအတုလဝေယံ (အတုမရှိ) ကျောင်းတော်ကြီးနှင့် ရွှေနန်းတော်ကျောင်း(ရွှေကျောင်း)တို့ကို စနစ်တကျရှေးမူမပျက် ပြုပြင်ထိန်းသိမ်းနေမှု၊ အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်ရှိ မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရားရှိ သုဓမ္မာဇရပ်များ အပါအဝင် သာသနိကအဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲရေး ပြုပြင်ထိန်းသိမ်းနေမှု၊ ဥပုသ်တော်ရပ်ကွက်ရှိ မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရားရှိ သုဓမ္မာ ဇရပ်တန်းကို ပြန်လည်ပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့အတူ နိုဝင်ဘာ (၂၄)ရက်ကလည်း အင်းဝရှေးဟောင်း ယဉ်ကျေးမှုဇုန် နယ်မြေအတွင်းရှိ မဟာဇေယျပထတံတား (ခ) ဦးအိုအုတ်လမ်း၏ ကြွင်းကျန်နေသော ပေ (၂၆၀၀) ကျော်၏ ပျက်စီးနေမှုကို လက်ရှိပြန်လည်ပြုပြင်ရမည့်အခြေအနေနှင့် ပြည်တွင်း၊ ပြည်ပခရီးသွားများ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရန် လမ်းများပြုပြင်ရမည့် အခြေအနေများကို လိုက်လံကြည့်ရှုခဲ့ကြသည်။
ထို့ပြင် အင်းဝမြို့ဟောင်း စည်တိုပုံမြို့ရိုး မြို့တည်နန်းတည် သတိုးမင်းဖျားမင်းရုပ်တု၊ မဟာအောင်မြေဘုံစံ အုတ်ကျောင်း(ခ) မယ်နုအုတ်ကျောင်းအား မြေဝါသုတ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး အင်းဝယဉ်ကျေးမှုဇုန်အတွင်း ခရီးသွားများအဆင်ပြေစွာ လေ့လာကြည့်ရှုနိုင်ရေးနှင့် သန့်ရှင်းသာယာလှပရေး အစီအစဉ်များ ရေးဆွဲထားကြရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။