ငလျင်ဒဏ်အဆိုးဆုံးခံထားရသည့် မန္တလေးနှင့် စစ်ကိုင်းတွင် ယမန်နေ့ ဧပြီ (၁၅) ရက် ညပိုင်းကရွာခဲ့သည့် မိုးကြောင့် ယာယီကယ်ဆယ်ရေးစခန်းနေထိုင်သူများ အခက်ကြုံနေရသည်။
ထို့ပြင် မန္တလေးမြိူ့၌ ပြိုလဲလုနီး အဆောက်အဦ တစ်လုံးပြိုကျခဲ့ကာ ရပ်ကွက်များ၊ လမ်းများတွင်လည်း ရေများဝင်ရောက်ခဲ့သည်။
“မနေ့ညက မိုးတော်တော်ရွာတယ်၊ စက်မှု (၅၁) လမ်းမှာ မီးလောင်တယ်။ ရေကြီးတာကကြီး၊ နေဖို့ ဒုက္ခရောက်သူတွေကရောက်ပေါ့” ဟု မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။
ရွာသွန်းသည့် မိုးကြောင့် မြေစိုက်ယာယီတဲများထဲ ရေများဝင်ရောက်ပြီး အိပ်ရာများနှင့် အသုံးအဆောင်များကိုလည်း အလောတကြီး ရွှေ့ပြောင်းခဲ့ရကြောင်း သူက ဆိုသည်။
ထိုနည်းတူ ငလျင်ဒဏ်ထိထားသည့် မန္တလေးမြို့ (၂၆) လမ်း၊ လမ်း (၈၀)နှင့် (၈၁)လမ်းကြားက တိမ်းစောင်းနေသည့် သုံးထပ်ခွဲတိုက်သည်လည်း ယမန်နေ့ညနေပိုင်း မိုးရွာချိန်၌ ပြိုကျသွားခဲ့သည်။
လက်ရှိတွင် ပြန်လည် ထူထောင်ရေးအတွက် နေအိမ်များ၊ ဆေးရုံများနှင့် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ အရေးပါသည့် အဆောက်အအုံများ ချက်ချင်းပြန်လည်တည်ဆောက်ရန် လိုကြောင်းလည်း ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP က ဧပြီလ (၁၄) ရက်က အကြံပြုထားသည်။
ငလျင်ဘေးသင့်ပြည်သူများသည် ကားရပ်နားရာ နေရာများ၌ နေထိုင်နေကြပြီး (၄၀) ဒီဂရီ အပူချိန် နှင့် မိုးသည်းထန်မှုများ၏ ဒဏ်ကိုလည်း ကြုံနေရကာ လူ (၆၀၀၀၀) ကျော် သည် ယာယီခိုလှုံရာနေရာများ၌ နေထိုင်နေကြရသည်။
ဓာတ်ပုံ – Si Thu Lwin FB