မန္တလေးမြို့တွင်အုပ်စုဖွဲ့၍ လမ်းသွားလမ်းလာများ၏ ဆိုင်ကယ်များကို အကြိမ်ကြိမ်လုယက်သူ(၆)ဦးအားဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။
မန္တလေးမြို့တွင်တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးအဖွဲ့ဝင်များက ရာဇဝတ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာမှ အုပ်စုဖွဲ့၍ လမ်းသွားလမ်းလာများ၏ ဆိုင်ကယ်များကို အကြိမ်ကြိမ်လုယက်ခဲ့သူများဖြစ်သည့် မင်းထက်(၁၆)နှစ်၊ ချမ်းမြေ့အောင်(ခ)ငချမ်း(၁၈)နှစ်၊ အောင်ရဲငြိမ်း (ခ)ဖိုးငယ်(၁၈)နှစ်၊ သန့်စင်(ခ)အောင်သန်းဦး(ခ) အောင်ကျော်(၂၁)နှစ်၊ အောင်ကိုမင်း(၂၁)နှစ်နှင့် အောင်သူရကျော်(ခ)ကိုချစ်(၁၈)နှစ်တို့အား ဇန်နဝါရီ ၂၃ ရက်တွင် ၎င်းတို့လုယက်ယူဆောင်ထားသည့် ဆိုင်ကယ်(၃)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်များအရ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း ဆိုင်ကယ်လုယက်မှု(၂)ကြိမ်၊ စက်တင်ဘာလအတွင်း ဆိုင်ကယ်လုယက်မှု(၄)ကြိမ်၊ အောက်တိုဘာလအတွင်း ဆိုင်ကယ်လုယက်မှု (၆)ကြိမ်၊ နိုဝင်ဘာလအတွင်း ဆိုင်ကယ်လုယက်မှု(၄)ကြိမ်၊ ဒီဇင်ဘာလအတွင်း ဆိုင်ကယ်လုယက်မှု(၁)ကြိမ်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဆိုင်ကယ်လုယက်မှု(၄)ကြိမ်(စုစုပေါင်း ၂၁ ကြိမ်)ကျူးလွန်ခဲ့ကြောင်းကို ဖော်ထုတ်သိရှိခဲ့ရသည်။
ထို့ပြင် လုယက်ရာမှရရှိခဲ့သည့် ဆိုင်ကယ်များအားရောင်းချရာ၌ ဝယ်ယူသူများဖြစ်သည့် ဇော်ထက်(ခ)ဝက်စုတ်နှင့် ကုလားကြီးတို့အား ထပ်မံဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ ဖမ်းဆီးရမိသူ(၆)ဦးကိုလည်း ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးနှင့်တရားစွဲဆိုတင်ပို့နိုင်ရေးတို့ကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။