မန္တလေးမြို့ တက္ကသိုလ်၊ ကောလိပ်များရှိ ကြက်ခြေနီအသင်းခွဲများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းအတွက် တက္ကသိုလ်နှင့် ကောလိပ်များရှိ ကြက်ခြေနီအသင်းခွဲများဖြင့် တွေ့ဆုံကာ ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း (မန္တလေး) ထံက သိရသည်။
တက္ကသိုလ်၊ ကောလိပ်များရှိ ကြက်ခြေနီ အသင်းခွဲများဖွံ့ ဖြိုးရေးနှင့် လူငယ်ကြက်ခြေနီစေတနာလုပ်အားရှင်များ အရည်အသွေးတိုးတက်စေရန် သင်တန်းများ ဖွင့်လှစ်နိုင်ရေး ၊ ရုံးခန်းများ ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ယခု ဇန်နဝါရီလ(၈)ရက်တွင် ရတနာပုံတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်(မန္တလေး)၊ သမဝါယမကောလိပ်၊ အစိုးရနည်းပညာကောလိပ်၊ ကျောက်ဆည်တက္ကသိုလ်များသို့ သွားရောက်ခဲ့ကြပြီး ယင်း တက္ကသိုလ်များ၊ ကောလိပ်များရှိကြက်ခြေနီအသင်းခွဲများမှ လူငယ်ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ကြက်ခြေနီ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များဆွေးနွေးအပြီး ကြက်ခြေနီနှင့် ပတ်သက်သည့် အသိပညာပေး စာအုပ်များ၊ လက်ကမ်းစာစောင်များး၊ ပိုစတာများ၊ ရှေးဦးပြုစုခြင်းဆေးအိတ်များနှင့် ရုံးအသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။