မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးတွင် အနုပညာရှင်များ၊ အငြိမ့်သဘင်၊ တေးဂီတများဖြင့် ကပြဖျော်ဖြေတင်ဆက်လျက်ရှိရာ ဘုရားဖူးပြည်သူ (၄,၀၀၀)နီးပါး လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ မင်းဘူး (စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် ပွဲတော်ကာလ နိုင်ငံကျော် အနုပညာရှင်များက အငြိမ့်သဘင်၊ တေးဂီတဖျော်ဖြေပွဲများဖြင့် မတ်လ (၁၈) ရက် ၊ ည (၈) နာရီက ဖျော်ဖြေတင်ဆက်ခဲ့ရာ ဘုရားဖူးလာပြည်သူများနှင့် ဒေသခံများက တစ်ခဲနက် လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အငြိမ့်သဘင်၊ တေးဂီတဖျော်ဖြေပွဲကြီးကို မတ်လ (၁၈) ရက်နှင့် (၁၉) ရက်တို့တွင် ည (၈) နာရီမှစတင်ပြီး နှစ်ညတိုင်တိုင် အခမဲ့ဧည့်ခံဖျော်ဖြေ တင်ဆက်ပေးခဲ့ခြင်းဖြစ်သည်။
ယခုနှစ် မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယဘုရား ပွဲတော်ကြီးကို ဖေဖော်ဝါရီလ (၂) ရက်မှ ဧပြီလ (၁၇) ရက်အထိ မဟာသင်္ကြန် ရုံးပိတ်ရက်အပါအဝင် (တပို့တွဲလဆန်း (၅)ရက်မှ မြန်မာနှစ်ဆန်း (၁) ရက်ထိ) ရက်ပေါင်း (၇၅) ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပနေခြင်းဖြစ်သည်။
အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသွားပြည်သူများ ညအိပ်တည်းခို နားနေနိုင်စေရန် တည်းခိုဆောင် အခန်းပေါင်း (၄၈၄) ခန်းနှင့် ဈေးဆိုင်ခန်းပေါင်း (၄၂၁) ဆိုင် ဆောက်လုပ်ပေးထားပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသွား လာရောက် အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။