ထိုင်းနိုင်ငံသည် အိန္ဒိယနှင့် ပစိဖိတ်သမုဒ္ဒရာတို့ကို ချိတ်ဆက်ပေးမည့် ဒေါ်လာဘီလျံပေါင်းများစွာ တန်သော သယ်ယူပို့ဆောင်ရေးစီမံကိန်းအတွက် လမ်းဖေါက်ရန် နိုင်ငံ့တောင်ပိုင်းတွင် အထူးစီးပွားရေးဇုန်တစ်ခု တည်ဆောက်ရန် ထိုင်းအစိုးရက ဥပဒေမူကြမ်းကို ထုတ်ဖော်ခဲ့သည်။
အဆိုပါ ဥပဒေကြမ်းသည် ချွန်ဖွန်၊ရာနောင်၊စူရာ့သာနီ နှင့် နာခွန်စီသမ္မာရတ် ပြည်နယ်များရှိ တောင်ပိုင်းစီးပွားရေးစင်္ကြန် ဖွံ့ဖြိုးတိုးတက်ရေး ကိုအရှိန်မြှင့်တင်ရန်အတွက် ကော်မရှင်တစ်ခုကို ဖွဲ့စည်းမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံပို့ဆောင်ရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တစ်ခုအရ သိရသည်။
ဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ် ၏ ဖြူးထိုင်း ပါတီသည် နိုင်ငံ၏ တောင်ပိုင်းကျွန်းဆွယ်၏ တစ်ဖက်တစ်ချက်ရှိ ဆိပ်ကမ်းနှစ်ခုကို အဝေးပြေးလမ်းနှင့် မီးရထားလိုင်းအသစ်တစ်ခုဖြင့် ချိတ်ဆက်ရန်အတွက် ဘတ် ၁ ထရီလျံ (အမေရိကန်ဒေါ်လာ ၂၉ ဘီလျံ) ခန့်ကုန်ကျမည့် တစ်နိုင်ငံလုံး ပင်လယ်တံတား စီမံကိန်း (Landbridge) စီမံကိန်းကို အဆိုပြုထားသည်။ မြောက်အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ် သမုဒ္ဒရာကိုဆက်သွယ်ရန် ခန့်မှန်းထားသည်။
ကမ္ဘာပေါ်တွင် အသွားအလာအများဆုံး သမုဒ္ဒရာလမ်းကြောင်းတစ်ခုဖြစ်သည့် မလေးရှားနှင့် စင်ကာပူကြားရှိ ကျဉ်းမြောင်းသောမလက္ကာရေလက်ကြား ပင်လယ်လမ်းကြောထက် ယခု ကီလိုမီတာ ၁၀၀ (၆၂ မိုင်) ဆက်သွယ်မှုသည် အိန္ဒိယသမုဒ္ဒရာ နှင့် ပစိဖိတ်သမုဒ္ဒရာများကြား သင်္ဘောသွားလာချိန်ကို လျော့ချနိုင်မည်ဖြစ်သည်။
ဝန်ကြီးချုပ် ဦးဆောင်သည့် ကော်မရှင်အသစ်သည် သတ်မှတ်ထားသည့် နယ်မြေဒေသများတွင် ထောက်ပံ့ပို့ဆောင်ရေး၊ အခြေခံအဆောက်အဦ၊ သတင်းအချက်အလက်နည်းပညာနှင့် အခြားသော အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တာဝန်ယူမည်ဖြစ်ကြောင်း အဆိုပါ ဥပဒေကြမ်း မူကြမ်းအရ သိရသည်။ အဆိုပါ စီမံကိန်းအတွက် ရန်ပုံငွေရှာဖွေရန်အတွက်လည်း တာဝန်ယူမည်ဖြစ်သည်။
အဆိုပါ ဥပဒေမူကြမ်းကို အစိုးရအဖွဲ့နှင့် လွှတ်တော်သို့ ဆက်လက် မတင်ပြမီ လူထုအမြင်အား ကိုနား ထောင်ရန် တင်ပြထားသည်။
ဖြူးထိုင်း ပါတီမှ ဝန်ကြီးချုပ်ဟောင်း စရေးသထာ သာဝီစင် သည် ယခင်က အမေရိကန်နှင့် တရုတ်နိုင်ငံများသို့ သွားရောက်လည်ပတ်စဉ်တွင် ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် (Landbridge) စီမံကိန်းကို အကောင်အထည်ဖော်တင်ပြခဲ့သည်။
ထိုင်းနိုင်ငံသည် စီမံကိန်းကို ၂၀၃၀ တွင် အပြီးသတ်ရန် ရည်မှန်းထားပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် အခြေခံအဆောက်အဦတည်ဆောက်မှုလုပ်ငန်းများအတွက် ပြည်တွင်းကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်သော ဖက်စပ်လုပ်ငန်းများတွင် ၅၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်လုပ်ကိုင် ခွင့်ရရှိမည်ဖြစ်သည်။ ကပ္ပလီပင်လယ်ရှိ ခွမ်ဖွန်း နှင့် ထိုင်းပင်လယ်ကွေ့ရှိ ရနောင်း တွင်တည်ဆောက်မည့် ရေနက်ဆိပ်ကမ်းများအတွက် ဘတ်ငွေ ၆၃၀ ဘီလျံ ကုန်ကျနိုင်ကြောင်း ပို့ဆောင်ရေးနှင့် လမ်းစည်းကမ်း မူဝါဒနှင့် စီမံကိန်းရုံးမှ သိရသည်။
Ref: မိုင်နျူးစ်