ဒါရိုက်တာဝိုင်း ရိုက်ကူးမယ့် “ရွှေကြာ” ရုပ်ရှင်ဇာတ်ကားမှာ အလင်းရောင်က “Documentary Director သတိုးသိုက်” နေရာက ပါဝင် သရုပ်ဆောင်မှာဖြစ်ပြီး ကာရိုက်တာနဲ့ ကိုက်ညီတဲ့ အပြင် အဆင် တွေ၊ အသုံးအဆောင်တွေ ကြိုတင် စုဆောင်းနေတယ်လို့ သိရပါ တယ်။ “ရွှေကြာ” ဇာတ်ကားရဲ့ မင်းသားနေရာမှာ အလင်းရောင် ပါဝင် သရုပ်ဆောင် မယ့်အပေါ် ဝေဖန်မှု များစွာရှိခဲ့တာကြောင့်လည်း ပရိသတ် မှန်းထားတဲ့ ဝတ္ထုထဲက ဇာတ်ကောင် နေရာနဲ့ အလိုက်ဖက်ဆုံး ဖြစ်အောင် ကြိုးစား သွားမယ်လို့ အလင်းရောင်က ဆိုပါတယ်။
“ရွှေကြာ” ဇာတ်ကားကြီးကိုတော့ မတ်လ ၁ရက်နေ့မှာ စတင် ရိုက်ကူး မှာဖြစ်ပြီး ပါဝင် ရိုက်ကူးကြမယ့် ဒါရိုက်တာ၊ သရုပ်ဆောင်များနဲ့ ထုတ်လုပ်သူတို့ အားလုံး ရိုက်ကူးမှု ဆိုင်ရာ သဘောတူ စာချုပ်ချုပ်ဆိုခဲ့ ကြပြီဖြစ်ပါတယ်။ ဒီလိုသဘောတူ စာချုပ်ချုပ်ဆိုခြင်း အပေါ်အမြင်နဲ့ စာ ချုပ်ပါ အချက်အလက် တချို့ အကြောင်းမေးမြန်းတော့
“ဒီလိုမျိုး ဇာတ်ကား မရိုက်ကူးခင် စာချုပ်ချုပ်ဆို ကြတာ ကောင်းပါတယ်။ ပရိုဂျူဆာတိုင်း၊ ဒါရိုက်တာ တိုင်း၊ သရုပ်ဆောင်တိုင်း ရုပ်ရှင် မရိုက်ကူးခင် စာချုပ်ချုပ်ဆိုကြတာ အကောင်းဆုံးလို့ မြင်မိတယ်။ စာချုပ်မှာ ပါဝင်တဲ့ အချက်တွေကတော့ များတယ်။ ဒါပေမဲ့ အချက်တော်တော် များများက အားလုံး လိုက်နာရမယ့် ပုံမှန် အချက်တွေပါပဲ။ အဓိက အချက် ကတော့ အချိန်ပေါ့။ အခုနောက်ပိုင်း မင်းသား၊ မင်းသမီးတွေ နာမည် ထွက်ကြတယ်။ နောက်ကျတယ်။ အချိန်မမှန်ဘူး ဆိုတာတွေ ပေါ့။ အဲဒါက တစ်ရက်တလေဆို အဆင်ပြေ ပေမယ့်နေ့တိုင်း နီးပါးဆိုရင် အဆင်မပြေဘူး။ ဇာတ်ကား အတွက်ပါတဲ့ Crew တွေ၊ ဒါရိုက် တာတွေ အားလုံးစောင့်နေကြတယ်။ Fresh မဖြစ်တော့ဘူး။ ဒီလိုဆိုရင် အလုပ်က အ ကောင်းဆုံး မဖြစ်နိုင်တော့ဘူး။ ခေါ်တဲ့ အချိန်မှာ အားလုံးရောက်ရမယ်။ မလိုက် နာရင် ၃ဆ ပြန်လျော်ရတာမျိုးတွေ ပါတယ်။ ရိုက်ကွင်းပေါ်မှာ အက်ဆီးဒန့် ဖြစ်ပြီး တစ်ခုခု ထိခိုက်ဒဏ်ရာရရင် ထုတ်လုပ်သူဘက်က လျော်တာမျိုး၊ အာမခံတာမျိုး မရှိဘူး ဆိုတာတွေ ပါပါတယ်။ ကျန်တာက ပုံမှန်ပါပဲ” လို့ အလင်း ရောင်က ပြောပြပါတယ်။
မြတ်မိုးပွင့်
ဓာတ်ပုံ – မင်းမင်းထွန်း