မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြုအသင်း အမရရွှေပြည် ရက်ကန်းအဖွဲ့မှ ပထမဆုရရှိခဲ့သည့်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့က ဂုဏ်ပြုဆုငွေထပ်မံချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဂုဏ်ပြုသည့်အခမ်းအနားကို နိုဝင်ဘာ (၁၆)ရက်၊ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်ခဲ့သည့် အမရရွှေပြည်ရက်ကန်းအဖွဲ့၏ ကြိုတင်ပြင်ဆင်ကြိုးစားခဲ့မှု၊ အောင်မြင်မှုပန်းတိုင်ကို စိုက်ထူနိုင်ခဲ့မှုတို့အပေါ် ဂုဏ်ပြုစကားပြောကြားပြီး နောင်ပြိုင်ပွဲများတွင်လည်း မျိုးဆက်သစ်လူငယ်များအား ပညာအမွေများ လက်ဆင့်ကမ်းလှမ်းရင်း စဉ်ဆက်မပြတ်ကြိုးစား လုပ်ဆောင်နေရန်ကိုလည်း မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ အမရရွှေပြည်ရက်ကန်းအဖွဲ့မှ အသင်းအုပ်ချုပ်သူများက ပထမဆုရရှိခဲ့သည့် ဆုဖလားအားပေးအပ်ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမရရွှေပြည်ရက်ကန်းအဖွဲ့ကို ဂုဏ်ပြုငွေကျပ် (၁၁) သိန်းကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများက ဂုဏ်ပြုစကားများပြောကြားပြီး အသင်းအုပ်ချုပ်သူများက ပြိုင်ပွဲအတွေ့အကြုံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြကြောင်း သိရသည်။