မြတ်နိုးတန်ဖိုးထားသော ရိုးရာဓလေ့အခမ်းအနားများ ကျင်းပခြင်း၊ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းများ ပျော်ရွှင်စွာ ပြန်လည်ဆုံစည်းခြင်း၊ ချစ်ခင်ရသူများနှင့် အဖိုးတန်ပွဲတော်ကာလကို ဖြတ်သန်းခြင်းနှင့် ကြွယ်ဝသော ပွဲတော်အမွေအနှစ်များကို ဂုဏ်ယူစွာ ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ဖြင့် လာအိုတို့၏ နှစ်သစ်ကူးပွဲတော်ကို စတင်ခဲ့ပြီဖြစ်သည်။
လာအိုနှစ်သစ်ကူးပွဲတော်သည် လာအိုပြက္ခဒိန်တွင် အရေးကြီးဆုံး ပွဲတော်တစ်ခုဖြစ်သည်။ ယခုနှစ်၏ နှစ်ကူးအားလပ်ရက်ကို တနင်္လာနေ့(ဧပြီ ၁၄) မှ ဗုဒ္ဓဟူးနေ့(ဧပြီ ၁၆) အထိ ကျင်းပမည်ဖြစ်သည်။
ပွဲတော်သည် အိမ်အပြန် ခရီးရှည်ထွက်ကြရကာ၊ ချစ်ခင်ရသူများနှင့် အတူတကွစားကြသောက်ကြသောက်ကြရင်း ပျော်ရွှင်စွာဖြတ်သန်းကြသော အချိန်ကာလဖြစ်သောကြောင့် မိသားစုပြန်လည်ဆုံစည်းခြင်းအဖြစ်လည်း အဓိပ္ပာယ်ဆောင်သည်။
လာအိုနှစ်သစ်သည် ကလေးရော လူကြီးပါမကျန် ရေပက်ဆော့ကစားကြခြင်းဖြင့် နေရာတိုင်းတွင် ပျော်ပွဲရွှင်ပွဲ အငွေ့အသက်များ ထုံမွှမ်းနေသော ပွဲတော်တစ်ခုဖြစ်သည်။ တစ်ချိန်တည်းမှာပင် သက်ကြီးရွယ်အိုများကို ရေချိုးသန့်စင်ပေးကာ ကုသိုလ်ယူကြခြင်း၊ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကာ ဥပုသ်သီတင်း ဆောက်တည်ကြခြင်းဖြင့် လာအိုနိုင်ငံ၏ ကြွယ်ဝသော ယဉ်ကျေးမှုအလှကို ထိန်းသိမ်းစောင့်ရှောက်ကြသည်။
“ပွဲတော်ရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်းကတော့ ရေပက်ကစားကြတာဖြစ်မှာပါ။ လူကြီး လူငယ်မရွေး ပါဝင်ဆင်နွှဲနိုင်တဲ့ ပျော်စရာကောင်းတဲ့ ဓလေ့တစ်ခုပါ။ လမ်းတွေပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် ပျော်ပျော်ရွှင်ရွှင် ရေပက်ကစားကြပါတယ်။ ဒါပေမဲ့ လူကြီးသူမတွေကို ရေလောင်းတာမျိုး၊ ဘုရား ရေသပ္ပာယ်တာမျိုးမှာတော့ ရိုရိုသေသေရှိကြရမယ်ဆိုတာ ဘယ်တော့မှ မမေ့ပါဘူး” ဟု အသက် ၂၉ နှစ်အရွယ် ဈေးသည်တစ်ဦးဖြစ်သူ Nokkeo က ရှင်းဟွာသတင်းဌာနကို ပြောဆိုခဲ့သည်။
Ref: သည်စတား