နည်းပညာအသုံးပြု၍ မိုဘိုင်းဖုန်းဖြင့် ငွေကြေးလိ-မ်လည်မှုဖြစ်စဉ်များကို ကြပ်မတ်ထိန်းကျောင်းနိုင်ရန် မူဝါဒများချမှတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကပြောသည်။
မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကို အသုံးပြု၍ ငွေကြေးလိ-မ်လည်မှုဖြစ်စဉ် (Fraud Case) များဖြစ်ပွားနေမှုနှင့်ပတ်သက်၍ ကာကွယ်နိုင်ရန် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကြီးကြပ်မှုကော်မတီအစည်းအဝေးတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဒစ်ဂျစ်တယ်ငွေပေးချေမှုအပေါ် ယုံကြည်မှု မပျက်ပြားစေရေးအတွက် ငွေကြေးလိ-မ်လည်မှုများနှင့်ပတ်သက်၍ အသိပညာပေးအစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း၊ နည်းပညာ အားကောင်းလာသည်နှင့်အမျှ နည်းပညာ အသုံးပြု၍ လိ-မ်လည်မှုပုံစံများသည် OTP၊ SMS များကို Hack ၍ Application အတုများ၊ Link အတုများ ပေါ်ပေါက်လာပြီး Payment Link များနှင့် ချိတ်ဆက် ဆောင်ရွက်၍ ငွေကြေးလိ-မ်လည်မှုများ ဖြစ်ပွားလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် ဖြစ်ပေါ်ခဲ့သည့် လိ-မ်လည်မှုဖြစ်စဉ်များကို သုံးသပ်ပြီး ကြပ်မတ်ထိန်းကျောင်းနိုင်ရေးအတွက် မူဝါဒများချမှတ်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ဥက္ကဌက ပြောကြားခဲ့သည်။
ထို့နောက် ဘဏ်များက ၎င်းတို့ကြုံတွေ့ရသော ငွေကြေးလိ-မ်လည်မှုဖြစ်စဉ်များ စိစစ်တွေ့ရှိချက်နှင့် တွေ့ကြုံနေရသည့်အခက်အခဲများကို တင်ပြခဲ့ကြပြီး တင်ပြချက်များအပေါ် ကော်မတီအဖွဲ့ဝင်များက လုံခြုံမှုကျိုးပေါက်နိုင်သည့်အချက်များ၊ အသိပညာပေးမှုအစီအစဉ်များ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး၊ ငွေရေးကြေးရေးကဏ္ဍနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသည့် မိုဘိုင်းကွန်ရက်ဝန်ဆောင်မှုပေးသူများ (Mobile Network Operators) နှင့် FinTech Service ဝန်ဆောင်မှုပေးသူများအနေဖြင့် ငွေကြေးလိ-မ်လည်မှုများကို ကာကွယ်ဖော်ထုတ်နိုင်ရေး၊ ငွေကြေးဆုံးရှုံးမှုများကို ကာကွယ်နိုင်ရေးနှင့်စပ်လျဉ်း၍ အကြံပြု ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက လိ-မ်လည်မှုဖြစ်စဉ်များတွင် အဆင့်မြင့်နည်းပညာ အသုံးပြုလာကြသည်ကို တွေ့ရှိရသဖြင့် မူဝါဒပိုင်းဆိုင်ရာနှင့် ကြီးကြပ်ကွပ်ကဲမှုပိုင်းဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှုပေးသည့်လုပ်ငန်းများအနေဖြင့် လက်ရှိလုံခြုံရေးစနစ်များအား ပြန်လည်စိစစ်သုံးသပ်ပြီး အဆင့်မြှင့်တင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။