ဗန်းမော်မြို့ ၊ တိုက်ပွဲကြောင့် မိုးမောက်မြို့ အတွင်းသို့ တိမ်းရှောင်လာသော ဒေသခံစစ်ဘေးရှောင် (၁၁,၀၀၀)ကျော် ခိုလှုံရာနေရာများ အခက်အခဲဖြစ်ပေါ်နေသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။
မိုးမောက်မြို့သည် ဗန်းမော်ခရိုင်အတွင်းပါရှိသည့် အစိုးရရုံးစိုက်ရာမြို့ဖြစ်ကာ လက်ရှိတွင် KIO က ထိန်းချုပ်ထားသည့်မြို့တစ်မြို့လည်းဖြစ်သည်။
လက်ရှိတွင် ဒေသခံများအနေဖြင့် မိုးမောက်မြို့အတွင်းရှိ စစ်ရှောင်စခန်းများတွင် ခိုလှုံနေကြသည့်အပြင် တချို့မှာလည်း ကျေးရွာများအတွင်းရှိ မိသားစုနည်းသည့် နေအိမ်များတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။
စစ်ရှောင်ဦးရေမှာနေ့စဉ်နှင့်အမျှတိုးလာနေပြီး၊ ကနဦးရောက်ရှိလာသည့် စစ်ရှောင် (၄,၀၀၀)ကျော်ကို နေရာချပေးရန်ပင် အခက်အခဲများရှိနေကြောင်း စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသည့်ဒေသခံတစ်ဦးက ဆိုသည်။
ယခုလ ဒီဇင်ဘာ (၄)ရက်မှ စတင်ဖြစ်ပွားခဲ့သော ဗန်းမော်မြို့တိုက်ပွဲများကြောင့် ဒေသခံများမှာ မန္တလေး ၊ မိုးမောက်နှင့် ဒေါ့ဖုန်းယန်မြို့များသို့ နီးစပ်ရာ အစုအဖွဲ့များဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။
မိုးမောက်မြို့နှင့် ဒေါ့ဖုန်းယန်မြို့အတွင်းသို့ တိမ်းရှောင်လာသော စစ်ရှောင်များ ဆေးဝါးအပါအဝင် အနွေးထည် ၊ စောင်၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။
KIO ထိန်းချုပ်ထားသည့် နေရာများသို့ စစ်ရှောင်လာသော ဗန်းမော်နှင့် မိုးမောက်မြို့ ဒေသခံအရေအတွက်မှာ ယခု ဒီဇင်ဘာလ (၁၉)ရက်အထိ သောင်းနှင့်ချီ ရှိနေပြီဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-CJ