ကမ္ဘာ့ဆောင်းခိုငှက်မျိုးစိတ်များ ကျက်စားရာ ရမ်ဆာရေဝပ်ဒေသတစ်ခုဖြစ်သည့် မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသို့ ဆောင်းခိုငှက်၊ ရေပျော်ငှက်နှင့် ငှက်မျိုးစိတ် (၁၁၅) မျိုး လာရောက်ဆောင်းခိုနေကြောင်း မိုးယွန်းကြီးအင်းဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
မိုးယွန်းကြီးအင်းသို့ ရှားပါးငှက်မျိုးစိတ် (၁၀)မျိုးဝင်ရောက်လေ့ရှိပြီး ယခုရာသီတွင် မျိုးစိတ် (၅) မျိုးကို တွေ့ရပြီဖြစ်ကြောင်း သိရသည်။
မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ယခုဆောင်းရာသီ၌ အင်းရေပြည့်နေပြီး အနိမ့်ဆုံးနေရာတွင် ရေအနက်ငါးပေကျော်နှင့် အနက်ဆုံးနေရာ ၁၀ ပေကျော်ရှိနေ၍ ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက ဆောင်းခိုငှက်နည်းနေသေးကြောင်း သိရသည်။
ဧက (၂၅၆၀၀) ကျယ်ဝန်းသော မိုးယွန်းကြီးအင်းတွင် ယခု နှစ် ဝင်ရောက်လာသော ဆောင်းခိုငှက်မျိုးစိတ်အမျိုးအစားများမှာ ဘဲရစ်၊ ဘဲပြာကလေး၊ ရေကြက်ဒုံ၊ တစ်တီတူး၊ ငါး ဟစ်မွဲ၊ တောဝမ်းဘဲ၊ တလိုင်းခေါင်း၊ မယ်ညို၊ ခြေနီရေညှောင့်ငှက်၊ မြစ်တွေးငှက်နှင့် စစ်စလီငှက်အပါအဝင် ရှားပါးမျိုး စိတ်ဝင် ခရုစုတ်ခေါင်းမည်းငှက်မျိုးစိတ်လည်း ဝင်ရောက်နားခိုလျက်ရှိကြောင်း သိရသည်။
မိုးယွန်းကြီးအင်းဘေးမဲ့တောတွင် ဆောင်းရာသီ၌ နို့တိုက်သတ္တဝါ (၁၂၀)၊ ကုန်းနေရေနေနှင့် တွားသွားသတ္တဝါ (၂၈) မျိုး၊ အင်းဆက် (၃၃) မျိုး၊ ဌာနေငှက် (၇၇) မျိုး၊ ငါးမျိုးစိတ် (၄၄) မျိုးနှင့် ရေနေပင် (၇၄) မျိုးတို့ ရှင်သန်တည်ရှိလေ့ရှိကြောင်း သိရသည်။
မိုးယွန်းကြီးအင်းသို့ ဝင်ရောက်လာသော ဆောင်းခိုငှက်များ သည် ပျံသန်းရာလမ်းကြောင်းကိုးခုအနက်မှ အာရှ – ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်း၊ အာရှအလယ်ပျံသန်းရာလမ်းကြောင်းနှင့် အနောက်အာရှ – အရှေ့အာဖရိကလမ်းကြောင်းတို့မှ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။