လပ်ကီးဆဲဗင်းရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးက စီစဉ်ပြီး ဇာတ်လမ်း ညာလက်တော်၊ ဇာတ်ညွှန်း ရာဇ၀င်ကို၊ ဒါရိုက်တာကိုဇော် (အရုဏ်ဦး) ရိုက်ကူးတဲ့ သမီးသမက် ခမည်းခမက် ရုပ်ရှင်ဇာတ်ကားအထူးပွဲကို နိုဝင်ဘာ ၂၈ရက်နေ့ မနက် ၇နာရီခွဲက သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ပြေတီဦး၊ မိုးအောင်ရင်၊ ရဲအောင်၊ ခိုင်သင်းကြည်၊ တက္ကသိုလ်ဂွမ်းပုံ၊ ဗေလုဝ၊ အရိုင်း နှင့် သရုပ်ဆောင် များစွာပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကတော့ ပရိသတ်တွေ ရယ်မောပျော်ရွှင်မှု ရသတွေ ရစေမယ့် ရုပ်ရှင်ဇာတ်ကားတစ်ကားပါ။ ဒီဇာတ်ကားမှာ မူးယစ်ဆေးဝါးမှုနဲ့ ထောင် ၅နှစ် ကျသွားတဲ့ မိုးအောင်ရင်ရဲ့ သရုပ်ဆောင်မှုတွေကို ပရိသတ်တွေ အလွမ်းပြေကြည့်ရှုခံစားကြရမှာပါ။ အတူရိုက်ကူးခဲ့ကြတဲ့ အနုပညာလုပ်ဖော်ကိုင်ဖက်မောင်နှမတွေ ကလည်း မိုးအောင်ရင်ရဲ့ သရုပ်ဆောင်မှုကတွေကို မြင်တွေ့ရပြီး လွမ်းဆွတ်ခဲ့ကြရပါတယ်။ ပရိသတ်တွေကြိုက်နှစ်သက်စေဖို့အတွက် ရသအစုံရိုက်ကူးထုတ်လုပ်နေတဲ့ လပ်ကီးဆဲဗင်းထုတ်လုပ်ရေးပိုင်ရှင် ကိုအုန်းဝင်းက… “ပြီးခဲ့တဲ့ဇာတ်ကားတုန်းက သည်းထိတ်ရင်ဖိုကားဖြစ်တယ်။ အခုဇာတ်ကားက ဟာသဇာတ်ကားဖြစ်တယ်။ ဒီရှိုးပြတဲ့အချိန်မှာ ပရိသတ်တွေက ရီကြတယ်။ ပျော်ကြတယ်ဆိုတော့ အပျော်တွေကူးစက်ပါတယ်။” လို့ပြောပါတယ်။ ဒီဇာတ်ကားမှာ ပြေတီဦးနဲ့အတူ အတွဲညီညီသရုပ်ဆောင်ခဲ့တဲ့ ခိုင်သင်းကြည်က…. “အခုကြည့်ပြီးတဲ့လူတွေက နောက်တခါပြန်ပြီးကြည့်ချင်ကြတယ် မခိုင်တို့လဲ ချိန်းထားကြပါတယ်။ ရုံတင်ရင်ထပ်ပြီး ကြည့်ဦးမှာပါ။ ဇာတ်ကားရိုက်တုန်းကလဲ တော်တော်အမှတ်တရပါပဲ။ လူတွေညီတော့ နှစ်ခါ သုံးခါပြန်မရိုက်ရဘူး။ တခါတည်း ရိုက်ရတယ်။ ပျော်စရာလဲကောင်းတယ်။ တီတီကလဲ ခပ်သွက်သွက်ဆိုတော့ အပေးအယူမျှပါတယ်။ ကျန်တဲ့သရုပ်ဆောင်တွေကလဲ အတွဲညီကြတယ်။ သွက်သွက်လက်လက် ရှိကြတော့ တကားလုံးမှာရှိတဲ့လူတွေက ကာရိုက်တာနဲ့လိုက်ဖက်တယ်လို့ ခံစားရပါတယ်။” လို့ပြောပါတယ်။ ဒီဇာတ်ကားကို ဒီဇင်ဘာ ၁၂ရက်နေ့မှာ မြန်မာနိုင်ငံတ၀ှမ်းရှိ ရုပ်ရှင်ရုံများမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။
P-060