သေဆုံးသူ ၃,၀၀၀ ကျော်လာမည်ဟု ခန့်မှန်းရသော ဆိုးရွားသည့် အခြေအနေများသည် မိုးရာသီဝင်ရောက်ချိန်တွင် ပိုမိုဆိုးရွားလာနိုင်သောကြောင့် ယင်းမတိုင်ခင် အကူအညီများ မြန်မြန်ဆန်ဆန်လုပ်ကြရန် မြန်မာငလျင်နှင့် ပတ်သက်၍ စစ်တမ်းကောက်ယူခဲ့သော ကုလသမဂ္ဂအရာရှိများက ကမ္ဘာ့အသိုက်အဝန်းကို အင်္ဂါနေ့တွင် တိုက်တွန်းလိုက်သည်။
အဆောက်အအုံများ၊ လမ်းများနှင့် တံတားများ ပျက်စီးခဲ့ပြီးနောက် သောက်ရေသန့်၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ အစားအစာ၊ အမိုးအကာနှင့် ဆေးဝါးများသည် အရေးကြီးဆုံး လိုအပ်ချက်များဖြစ်ကြောင်း လူသာချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ဌာနေ ညှိနှိုင်းရေးမှူး Marcoluigi Corsi က နှစ်ရက်ကြာ လေ့လာမှုခရီးစဉ်အပြီးတွင် ပြောကြားခဲ့သည်။
“အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေဆီ ရောက်ရှိနိုင်ဖို့ ကတိကဝတ်ပြုထားပါတယ်” ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ပြောဆိုခဲ့သည်။ “နောက်ပြီး ဒီကြောက်မက်ဖွယ်ရာ အကြပ်အတည်းကို သေချာပေါက် ပိုဆိုးသွားစေမှာဖြစ်တာကြောင့် မိုးရာသီ မတိုင်ခင် ကယ်ဆယ်ရေးလုပ်ငန်းတွေကို မြန်မြန်ဆန်ဆန် လုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟု သူက ပြောကြားခဲ့သည်။
အသက်ရှင်ကျန်ရစ်သူများ တွေ့ရှိနိုင်မည့် အလားအလာသည် တဖြည်းဖြည်း ကုန်ဆုံးစပြုလာပြီဟု အကူအညီပေးရေးအဖွဲ့များက သတိပေးထားသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ကြောင့် ငလျင်မတိုင်မီ ကာလအတန်ကြာကပင် လူပေါင်း ၃ သန်းကျော် စစ်ဘေးရှောင်နေခဲ့ရသည်။ နှစ်ဖက်စလုံးအနေဖြင့် အပစ်အခတ်ရပ်စဲရန်၊ လူသားချင်း စာနာထောက်ထားမှုအကူအညီများ ဝင်ရောက်ခွင့်ပြုရန် နှင့် အကူအညီပေးရေးလုပ်သားများ ဘေးကင်းရေး ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ဂျူလီဘစ်ရှော့ပ်က တိုက်တွန်းခဲ့သည်။ Ref: ရိုက်တာ
မုတ်သုန် မဝင်ခင် မြန်မာကို ကူညီကြဖို့ ကုလ တိုက်တွန်း
