မုဒုံမြို့နယ်တွင် ဆိုင်ကယ်နှင့်ကားတိုက်မိ၍ တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာပြင်းထန်
မွန်ပြည်နယ်၊မုဒုံမြို့နယ်၊ကွန်တာနှင့်ကော့ခပုံကြားရှိ မော်သံလမ်းတွင် မေ ၂၂ ရက်(ယနေ့)နံနက် ၁၀ နာရီခွဲခန့်က ဆိုင်ကယ်နှင့် Fuso ကားတို့တိုက်မိခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့လူငယ်(မုဒုံ)အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။
ဖြစ်စဥ်၌ ဆိုင်ကယ်မောင်းနှင်လာသည့် ကမာဝက်မြို့နေ ကိုဆန်းဦးသည် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့သဖြင့် စေတနာ့အလင်းရောင် နာ/ကူ အသင်းမှ မုဒုံပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အလားတူ ဆိုင်ကယ်ပေါ်၌စီးနင်းလိုက်ပါလာသည့် ကမာဝက်မြို့နေမောင်ရဲလင်းသူ(၂၁)နှစ်တွင်လည်း ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ဘယ်ဖက်ခြေသလုံးရိုးပွင့်ကျိုး၊ဒူးဆစ်ပြုတ်ကာ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည်။
ထို့ကြောင့် အရေးပေါ်ပြုစုကုသမှုများပြုလုပ်၍ စိုးရိမ်ရသဖြင့် မြန်မာ့လူငယ်(မုဒုံ)အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ပိုင်ကားဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အခင်းဖြစ်စဥ်အား မြန်မာ့လူငယ်(မုဒုံ)အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊သစ္စာပန်းခင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊မုဒုံအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့၊စေတနာ့အလင်းရောင် နာ/ကူအသင်းတို့မှ ပူးပေါင်းကူညီပေးခဲ့ကြသည်။