မုန်တိုင်းငယ်အဖြစ်ရောက်ရှိလာမည့် အား ကောင်းသောလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တိုင်းနှင့်ပြည်နယ်(၉)ခု၌ ယနေ့မှ ဒီဇင်ဘာ ၂၃ ရက်အတွင်း မိုးရွာသွန်းနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှ ယနေ့ ဒီဇင်ဘာ ၂၀ ရက်ည ၇ နာရီက အသိပေးခဲ့သည်။
ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၌ မုန်တိုင်းငယ်အဖြစ် ပိုမိုအားကောင်းလာခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်၌ မုန်တိုင်းငယ်သည် မြန်မာ့ကမ်း ရိုးတန်းသို့ရွေ့လျားမည့်အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်သတ်မှတ်ထားသော်လည်း ကို ကိုးကျွန်းမြို့၏ အနောက်ဘက် ရေမိုင်(၅၈၀)ခန့်ကို ဗဟိုပြုနေကာ ဗဟိုချက်လေဖိအားသည် (၁၀၀၄)ဟက်တိုပါစကယ်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ယနေ့မှစ၍ ဒီဇင်ဘာ ၂၃ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်း(အနောက်ပိုင်း)တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်မိုးထစ်ချုန်း ရွာသွန်း၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်သည်ဟု အသိပေးခဲ့သည်။
ထိုသို့ ဖြစ်ပေါ်နိုင်၍ ယင်း တိုင်းနှင့်ပြည်နယ်များရှိ ဒေသခံများ၊ တောင်သူများအနေဖြင့် “ချိန်ခါမဟုတ် မိုးရွာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များမဖြစ်ပေါ်စေရေးအတွက် ကြိုတင်ပြင်ဆင်ထားရန်” အသိပေးခဲ့သည်။