Home News Local News မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကျရောက်နိုင်

မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကျရောက်နိုင်

0
106

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း (အင်ဒရာပရာဒေ့ရှ်ကမ်းလွန်)တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်နိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။

မိုးဇလမှ ယနေ့ ဒီဇင်ဘာ ၂၁ ရက်မွန်းလွဲ ၂ နာရီက မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၂/၂၀၂၄) အဖြစ် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်ဘက် ရေမိုင်(၅၂၀)ခန့်ကိုဗဟိုပြုနေပြီး မြန်မာနိုင်ငံဘက်သို့ ရွှေ့လျားလာမည်မဟုတ်၍ အဝါရောင်အဆင့်သတ်မှတ်ထားသော်လည်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်ဟု အသိပေးခဲ့သည်။

ထို့ပြင် မုန်တိုင်းငယ်အရှိန်ကြောင့် ယနေ့မွန်းလွဲမှ ဒီဇင်ဘာ ၂၃ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည် တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကယားပြည် နယ်တို့တွင် နေရာကွက်ကျား၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာသွန်းပြီး အချို့ဒေသများ၌ နေရာကွက်၍မိုးကြီးခြင်းများဖြစ်ပေါ်နိုင်သည်ဟု အသိပေးခဲ့သည်။

ထိုသို့ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်၍ သတိပြုနေထိုင်ကြရန်လည်း မိုးဇလက အသိပေးခဲ့သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here