တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းဖြစ်နိုင်ချေ ပျက်ပြယ်တော့မည်ဖြစ်သောကြောင့် နှစ်သစ်ကူးကာလများအတွင်း ဖျက်မိုး/အခါလွန်မိုးများရွာနိုင်မည့် အခြေအနေမရှိတော့ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ သုံးသပ်ချက်အရ သိရသည်။
၂၀၂၄ ခုနှစ်၏ တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းဖြစ်နိုင်ချေများမှာ ဒီဇင်ဘာ (၂၅)ရက် (၂၆) ရက်တို့တွင် အဆုံးသတ်တော့မည်ဖြစ်ကြောင်း ၎င်းက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
“တောင်တရုတ်ပင်လယ် ဗီယက်နမ်နိုင်ငံအရှေ့တောင်ဘက်က INVEST-98W နဲ့ INVEST-99W တို့သည်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်မှ INVEST-91B သည်လည်းကောင်း ၂၀၂၄ ခုနှစ်ရဲ့ နောက်ဆုံးမုန်တိုင်းဖြစ်နိုင်ချေများအဖြစ် အစပျိုးခဲ့ပြီး ၎င်းတို့အားလုံး ဒီဇင်ဘာ (၂၅) ရက်ကျော်လျှင် ပျက်ပြယ်သွားတော့မှာဖြစ်ကြောင်းတွေ့ရပါတယ်”ဟု ၎င်းက သုံးသပ်ရေးသားထားသည်။
ထို့ကြောင့် ၂၀၂၄ ခုနှစ် ခရစ္စမတ်ကာလနှင့် နှစ်သစ်ကူးကာလများအတွင်း ဖျက်မိုး/အခါလွန်မိုးများရွာနိုင်မည့် အခြေအနေမရှိတော့ဘဲ ၂၀၂၅ ခုနှစ်၊ နှစ်သစ်ကူးပွဲတော်များကို ခြောက်ခြောက်သွေ့သွေ့၊ အေးအေးချမ်းချမ်းဖြင့် ကြိုဆိုဆင်နွဲနိုင်ကြတော့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။