မုံရွာခရိုင် အုပ်ချုပ်ရေးအဖွဲ့ဝင်ကို ပစ်ခတ်ခဲ့သည့် အဖွဲ့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေ
ယနေ့ နံနက်အစောပိုင်းက မုံရွာမြို့တွင် ဖြစ်ပွားခဲ့သည့် ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရမှုဖြစ်စဉ်မှ သေနတ်သမားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ဖမ်းဆီးခဲ့ရာ တစ်ဦးကို အသေဖမ်းမိခဲ့ကြောင်း သိရသည်။
သေဆုံးသွားသူမှာ ယနေ့နံနက်ပိုင်းက ခရိုင် အုပ်ချုပ်ရေးအဖွဲ့ဝင် သန်းဇော်ထွန်းဆိုသူအား ပစ်ခတ်ခဲ့သည့်အဖွဲ့မှ ခေါင်းဆောင်ဆိုသူဖြစ်ပြီး (၂) ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မနက်က ပစ်သွားတဲ့ အဖွဲ့တွေ ပစ်ဖမ်းတာ ခံလိုက်ရတယ်လို့တော့ ကြားတယ်။ သူတို့ထဲက ခေါင်းဆောင်ကောင်လေးကတော့ သေသွားတယ်။ အတူပါတဲ့ (၂) ယောက်က ဒဏ်ရာရတယ်ပဲကြားတယ်။ မိသွားလား မမိလားတော့ အစ်ကိုလည်း သေသေချာချာ မသိဘူး” ဟု မုံရွာမြို့နေ ဒေသခံတစ်ဦးက ပြောသည်။
ခရိုင်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တစ်ဦးကို မုံရွာ Hero group အမည်ရှိ PDF အဖွဲ့မှ (၃) ဦးက ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်က လိုက်လံ ပစ်ခတ်စဉ် သေဆုံးသွားသူမှာ အဖွဲ့ခေါင်းဆောင် ဗိုလ်လရောင်ဆိုသူ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်တွင် သေဆုံးသူထံမှ ပစ္စတို သေနတ် (၂) လက် သိမ်းဆည်း ရမိခဲ့သည်ဟုလည်း သိရသည်။
ယနေ့ နံနက် (၇) နာရီခွဲ ဝန်းကျင်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက်ကာလမ်းပေါ်ရှိ ပြည်သစ်ကွမ်း ယာဆိုင်ရှေ့တွင် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးသန်းဇော်ထွန်းအား ကားမောင်းနေစဉ် ဦးခေါင်းအား သေနတ်ဖြင့် ပစ်သတ်သွားခြင်း ဖြစ် သည်။