မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ (၁၇) ရွာမှ ဒေသခံတောင်သူများကို သွင်းအားစုနှင့် လယ်ယာသုံးစက် မောင်းဆီများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။
ဇန်နဝါရီလ (၂၂) ရက်၊ နံနက်ပိုင်းက မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာ ခန်းမတွင် သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
“စစ်ကိုင်းတိုင်း ဒေသကြီးအနေနဲ့ ကူညီပံ့ပိုးပေးမှုတွေနဲ့အတူ စိုက်ပျိုးရေးပညာရှင်တွေရဲ့ စိုက်ပျိုး နည်းပညာတွေ ဖြန့်ဝေပေးမှုတွေကို တောင်သူလယ်သမားတွေ အနေဖြင့် ကြိုး စားအား ထုတ်လိုက်နာဆောင်ရွက်ကြမယ်ဆိုရင် စိုက်ပျိုးသီးနှံအထွက်တိုးပြီး တောင်သူတွေ ဝင်ငွေတိုးပွားလို့ ဓနအင်အားဖြိုးကြွယ်ဝကာ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်လာပြီး နိုင်ငံ့စီးပွားမြင့်မားလာမှာ ဧကန်မလွဲပါ” ဟုစစ်ကိုင်းတိုင်း ဝန်ကြီးချုပ်က ပြောသည်။
မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ (၁၇) မှ ဒေသခံတောင်သူ (၃၅၀) ဦးအတွက် ကျေးရွာကိုယ် စားလှယ်များထံ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည့် သွင်းအားစုဓာတ်မြေသြဇာ (၃၅၀) အိတ်နှင့် လယ်ယာသုံးစက်မောင်းဆီ ဂါလံ (၁၀၅၀) တို့အား စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။