တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့၊ မန့်ဝိန်းရပ်ကွက်အတွင်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်း (ကျားဖြန့်)ရုံကို တပ်မတော်စစ်ကြောင်းက ဝင်ရောက်စီးနင်းဖမ်းဆီခဲ့ရာ တရုတ်နိုင်ငံသား (၂၀)ဦးခန့်ကို ဖမ်းဆီးရမိခဲ့သည်ဟု သိရကြောင်း မူဆယ်ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ဝင်ရောက်စီးနင်းဖမ်းစီးမှုကို ဒီဇင်ဘာ (၁၆)ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိတွေ့ပစ်ခတ်မှု အနည်းငယ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကျားဖြန့် ကိစ္စတွေက ရှိနေသေးတော့ သက်ဆိုင်ရာကလည်း မကြာမကြာဝင်ဖမ်းတာတွေရှိတယ်။ ဖမ်းတယ်ဆိုတာတော့ သိတယ်။ ဒါပေမဲ့ မြို့က လူတွေက သူတို့နဲ့ (ကျားဖြန့်) သိပ်မပတ်သက်ကြတော့ အတိအကျမသိဘူး”ဟု ၎င်းက ဆိုသည်။
ယင်းသို့ ဖမ်းစီးခဲ့ရာ၌ ကျားဖြန့်ရုံမှ တရုတ်နိုင်ငံသား ကျား (၂၀)ဦးခန့်နှင့်အတူ ကျားဖြန်လုပ်ငန်း လုပ်ကိုင်ရာတွင် အသုံးပြုသည့် ဖုန်းမျိုးစုံ (၇၄) လုံး၊ Laptop (၂) လုံး၊ WiFi စက် (၅) လုံး၊ တရုတ်ငွေ (၅၅,၀၀၀) ယွမ် တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လအတွင်းကလည်း မူဆယ်မြို့အတွင်းရှိ ကျားဖြန့်ရုံများကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးရာ တရုတ်နိုင်ငံသား (၂၀၀)ဦးခန့် နှင့် ဝန်ထမ်း (၅၀၀)ကျော်တို့အား ဖမ်းဆီးရမိခဲ့သေးသည်။