တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ဆင်ဖြူဂိတ်မှ ယခုလ ၃၀ ရက်နေ့မှစ၍ ဒေသတွင်း စားသောက်ကုန်များဖြစ်သည့် မီးဖိုချောင်သုံး အသီးအနှံနှင့် သားငါးများကို ယာယီတင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း မူဆယ်မြို့ကုန်သည်ကြီးများအသင်း ထံမှ သိရသည်။
ထိုသို့ ဒေသတွင်းစားသောက်ကုန်များအတွက် ယာယီတင်သွင်းခွင့်ပြုရာ၌ တစ်ရက်လျှင် မော်တော်ယာဉ်အစီး (၅၀) နှင့် ဆိုင်ကယ် အစီး(၂၀၀)တို့အား သယ်ဆောင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
” တင်သွင်းခွင့်ပြုတာကိုပဲ ကျေးဇူးတင်ပါတယ်။ တင်သွင်းခွင့်မပြုရင် အသီးတွေက ပုတ်ကုန်တော့မှာ။ အခုဆို တရုတ်ဘက်က အအေးခန်းတွေမှာ ရက်ကြေးပေးပြီး လှောင်ထားရတာ”ဟု ဒေသခံကုန်သည်တစ်ဦးက ပြောသည်။
ယင်းအတွက် နိုဝင်ဘာ (၂၈)ရက်နှင့် (၂၉) ရက်တို့တွင် ကုန်သည်ကြီးများအသင်းရုံးသို့ စာရင်းလာရောက်ပေးသွင်းရမည်ဖြစ်ပြီး၊ စာရင်းပေးသွင်းထားသော ယာဉ်များကို အများရှေ့တွင် မဲနှိုက်၍ ဆင်ဖြုဂိတ်မှ ဝင်ရောက်ရမည့် ရက်အသီးသီးကို သတ်မှတ်ပေးမည်ဖြစ်ကြောင်း မူဆယ်ကုန်သည်ကြီးများအသင်းက အသိပေးထားသည်။
တင်သွင်းလိုသူများအနေဖြင့် တင်သွင်းလိုသည့် ယာဉ်နှင့်အတူ တရားဝင်ခွင့်ပြုထားသည့် စာရွက်စာတမ်းမူရင်းနှင့်မိတ္ထူများယူဆောင်၍ လာရောက်လျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။