မွန်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြတ်အဏ္ဏဝါမင်း ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်တို့မှ ပူးပေါင်း၍ မော်လမြိုင်အဆင့်မြင့် ငါးဈေးသစ်ကြီးကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများသည် အဆိုပါ အဆင့်မြှင့် ငါးဈေးသစ်စီမံကိန်း တည်ဆောက်နေမှုကို ဒီဇင်ဘာ (၂၁)ရက်က ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး၊ စံချိန်စံညွှန်းမီ တည်ဆောက်ရေး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ရတနာထွန်း သား၊ ငါး၊ ပုစွန်နှင့် ရေထွက်ပစ္စည်းများ ရောင်းချသည့်ဈေးမှာ မြို့အတွင်းတွင်ရှိသဖြင့် ယာဉ်ကြောပိတ်ဆိုမှုများ ကြုံတွေ့ရခြင်း၊ လူနေရပ်ကွက်နှင့်နီးစပ်ခြင်း၊ အမှိုက်နှင့် အနံ့အသက်ဆိုးများ ကင်းဝေးစေရန်အတွက် ယခုနေရာတွင် တည်ဆောက်ရခြင်းဖြစ်ကြောင်း သိရသည်။
၎င်းဈေးအနီးအနားတွင် အအေးခန်း စက်ရုံများနှင့် ရေခဲစက်ရုံများပါ တည်ဆောက်လာပါက အဆင့်မြင့် ငါးဈေးသစ်ကြီး လုပ်ငန်းလည်ပတ်မှုမှာ မြန်ဆန်လွယ်ကူလာမှာဖြစ်သည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမှာဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းမီ တည်ဆောက်ရေး လိုအပ်သည်များကို တာဝန်ရှိသူများအား မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မှာကြားခဲ့သည်။
ထိုသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပထမပိုင်းအဆင့်ခြံစည်းရိုးကာရံခြင်း၊ Box Culvert ပြုလုပ်ခြင်း၊ အောက်ခံမြေသားပြုပြင်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်းပြီးစီးမှုနှင့်ဆိုင်ခန်းများ ဆောက်လုပ်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့ပြင် မြတ်အဏ္ဏဝါမင်းဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူကလည်း ဆောက်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းရာသီတွင် အချိန်မီပြီးစီးရေးဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်အဆင့်မြင့် ငါးဈေးသစ်စီမံကိန်းအတွင်း ပထမပိုင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။