မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေတောင်ရပ် ကွက်၊ အောက်လမ်းမကြီးတွင်ဖွင့်လှစ်ထားသည့် SONY ဆိုင်တွင် ယနေ့ ဇန်နဝါရီ ၁၇ ရက်နေ့လည် ၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဘိုဘိုဝင်း လူမှုကူညီရေးအဖွဲ့တို့ထံမှ သိရသည်။
ထိုသို့ မီးလောင်ကျွမ်းခဲ့သဖြင့် မော်လမြိုင်ခရိုင်/မြို့နယ်/နယ်မြေမီးသတ်စခန်းများမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက တစ်နာရီကျော်ကြာ ပူးပေါင်းငြှိမ်းသတ်ခဲ့ကြသဖြင့် မွန်းလွဲ ၂ နာရီ ၁၁ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးငြိမ်းသွားပြီးချိန်၌ ပျက်စီးမှုများအား မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ရှင်းလင်းမှုများပြုလုပ်ရာ ဆိုင်အတွင်း၌ မီးလောင်ကျွမ်းခြင်းမရှိဘဲကျန်ခဲ့သည့် မီးခံသေတ္တာအတွင်းမှ ငွေကျပ်သိန်း(၃၀၀)ခန့်နှင့် ရွှေထည်ပစ္စည်းအချို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးမှူးရုံး၏ ဦးစီးမှူးမှ ရှာဖွေတွေ့ရှိခဲ့သည့် ငွေနှင့်ရွှေထည်ပစ္စည်းများကို ပိုင်ရှင်ဖြစ်သူထံ စနစ်တကျပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။