မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ “မင်းသန့်”စက်သုံးဆီအရောင်းဆိုင်အတွင်း၌ မီးလောင်ကျွမ်းမှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရ၍ မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီး၌ဆေးကုသမှုခံယူနေရသူများအနက်(၁၄)ဦးဆေးရုံဆင်းခွင့်ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်ညနေ ၅ နာရီ ၂၀ မိနစ်ခန့်က မော်လမြိုင်မြို့၊ ရိုးဂိုးကျေးရွာရှိ “မင်းသန့်”စက်သုံးဆီအရောင်းဆိုင်အတွင်း၌ ဆီဘောက်ဆာကားမှတစ်ဆင့်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသော မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များ၊ ဆီဘောက်ဆာကားမောင်းသူနှင့် ဆီဆိုင်ပိုင်ရှင် (စုစုပေါင်း ၂၄ ဦး)တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရသူများသည် မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူခဲ့ကြရာ ဆီဘောက်ဆာကားမောင်းသူမှာ ေ-သဆုံးသွားခဲ့ပြီး ဆီဆိုင်ပိုင်ရှင်သည်လည်း ရန်ကုန်မြို့သို့ထပ်မံပို့ဆောင်ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း သိရသည်။
ထို့ပြင် မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေကြသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်(၂၂)ဦးအနက် ယနေ့ နိုဝင်ဘာ ၁၄ ရက်အထိ ဒဏ်ရာများသက်သာလာသဖြင့် ဆေးရုံဆင်းခွင့်ရသူ(၁၄)ဦးရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များ ဆေးကုသမှုခံယူနေစဉ် အလှူရှင်များမှလည်း အလှူငွေများနှင့်လိုအပ်သည့်အသုံးအဆောင်ပစ္စည်းများကို လှူဒါန်းမှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
လက်ရှိအချိန်၌ မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီး၌ ဆက်လက်ဆေးကုသမှုခံယူနေရသော မီးသတ်တပ်ဖွဲ့ဝင်များအပါအဝင် လူမှုကူညီရေးအသင်းဝင်(၈)ဦးရှိကြောင်း သိရသည်။