ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၂) အကူအညီအထောက်အပံ့ဖြင့် ပိုးသတ်ဆေးအကြွင်းအကျန် ဓါတ်ခွဲခန်းကို တည်ဆဲအဆောက်အအုံများပေါ်တွင် အခြေခံ၍ တည်ထောင်သွားမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၏ ပြောကြားချက်အရ သိရသည်။
မဲခေါင်-လန်ချန်းဧရိယာ (မြန်မာ၊ ထိုင်းနှင့် တရုတ်) နိုင်ငံအတွင်းရှိ ပိုးသတ်ဆေး ဓာတ်ကြွင်းအာနိသင်ဆိုင်ရာ ဓာတ်ခွဲခန်းနှင့် နည်းပညာဆိုင်ရာ သတင်းအချက်အလက်များ ကွန်ရက်တည်ထောင်ခြင်းစီမံကိန်း၏ “အစားအစာဘေးကင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ကျန်းမာရေးတို့အကြား ဆက်နွှယ်မှုဆိုင်ရာသုတေသနညီလာခံ”ကို ဒီဇင်ဘာ (၃)ရက်က နေပြည်တော် MGallery Hotel ၌ ကျင်းပရာတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပူးပေါင်းသုတေသနပြုခြင်း၊ ဝန်ထမ်းလေ့ကျင့်ရေး၊ ကျွမ်းကျင်သူစေလွှတ်ခြင်းများကိုလည်း စီမံကိန်းအစီအစဉ်အရ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ပြောသည်။
အဆိုပါ စီမံကိန်းကို ဆောင်ရွက်ခြင်းအားဖြင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ပိုးသတ်ဆေးအကြွင်းအကျန်များကို ခွဲခြမ်းစိတ်ဖြာနိုင်သော ဓာတ်ခွဲခန်းပလက်ဖောင်းကို တည်ထောင်နိုင်ပြီး သုတေသီများ၊ ပညာရှင်များနှင့် ကျောင်းသား ကျောင်းသူများ၏ သုတေသနစွမ်းရည်ကို တိုးတက်စေမည်ကိုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အလားတူ ယခုကျင်းပသည့် သုတေသနညီလာခံမှ ပြည်တွင်းနှင့် ပြည်ပပို့ကုန်များ၏ အစားအစာ ဘေးကင်းလုံခြုံစိတ်ချနိုင်ရေးအတွက် စောင့်ကြည့်လေ့လာနိုင်သော အခြေခံစနစ်တစ်ခုဖြစ်ပေါ်လာမည်ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
ထိုနောက် အခမ်းအနားသို့တက်ရောက်လာသည့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ညီလာခံကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြကာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။