မျက်မှောက်ခေတ်စစ်ပွဲများတွင် စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျသည့်အခန်းကဏ္ဍနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်(လေ)၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ယနေ့ ဒီဇင်ဘာ ၁၅ ရက်နံနက်ပိုင်းက မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတက်သင်လေတပ်စခန်းဌာနချုပ်၌ နှစ်ပတ်လည်နေ့အခမ်းအနားကိုကျင်းပခဲ့ပြီး နိုင်ငံတော်နှင့်တပ်မတော်၏ လေကြောင်း စွမ်းပကားမြင့်မားစေရန် လေယာဉ်၊ ရဟတ်ယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနားကိုလည်း ကျင်းပခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မျက်မှောက်ခေတ် ကမ္ဘာတစ်လွှား၌ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် လက်နက်ကိုင်ပဋိပက္ခများတွင် လေကြောင်းနှင့် အာကာသစွမ်းအားသည် စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကအရေးပါသည့် အခန်းကဏ္ဍမှပါဝင်သည်ဟု ပြောသည်။
” လေကြောင်းစွမ်းအားသာလွန်ကောင်းမွန်ရင် ရန်သူအပေါ် လွှမ်းမိုးထိန်းချုပ်ချေမှုန်းနိုင်ပြီး မိမိတပ်ဖွဲ့တွေရဲ့ စိတ်ဓာတ်နဲ့တိုက်စွမ်းရည် ပိုမို အား ကောင်းတိုးတက်စေတာကို သိသာထင်ရှားစွာ တွေ့မြင်နေရပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။
ထို့ပြင် ပိုင်ဆိုင်ထားသည့် လေယာဉ်၊ ရဟတ် ယာဉ်များနှင့် လက်နက်စနစ်များ၏ စွမ်းဆောင်ရည်ကို အပြည့်အဝအသုံးချစစ်ဆင်နိုင်ရန် လေ့ ကျင့်သားပြည့်ဝမှုသည် အဓိကလိုအပ်ချက်ဖြစ်သည်ဟု ပြောသည်။
ထို့ကြောင့် တပ်တော်ဝင်ပေးလိုက်သည့် လေယာဉ်၊ ရဟတ်ယာဉ်များကို မြတ်နိုးတန်ဖိုးထားစွာ ကိုင်တွယ်အသုံးပြုပျံသန်း၍ တပ်မတော်၏ ဂုဏ်ကိုမြှင့်တင်ဆောင်ရွက်၍ စွမ်းရည်မြင့်မားသော ခေတ်မီတပ်မတော်(လေ)အဖြစ် အစဉ်ရပ်တည်နိုင်အောင် ကြိုးစားအားထုတ်ကြရမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားခဲ့သည်။