တိုက်ပွဲများကြောင့် မြစ်ကြီးနား-မန္တလေးလမ်းပိုင်း ယာယီပိတ်ထားရာမှ ယနေ့ ဇန်နဝါရီ(၄)ရက်တွင် ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုပြီဖြစ်ကြောင်း ဒေသတွင်းယာဉ်မောင်းတစ်ဦးထံက သိရသည်။
“မြစ်ကြီးနား-မန္တလေး ကားလမ်းပိုင်းပြန်ပွင့်သွားပါပြီ။ အတက်အဆင်းကားများအကုန်ပွင့်သွားပါပြီး” ဟု ၎င်းကဆိုသည်။
တပ်မတော်နှင့် PDF လက်နက်ကိုင်အဖွဲ့တို့အကြား ဒီဇင်ဘာ (၃၁)ရက်၌ အဆိုပါ လမ်းပိုင်းရှိ ကန့်ဘလူမြို့နယ် ဇီးကုန်း လမ်းဆုံ ပတ်ဝန်းကျင်တွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ရာမှ (၄)ရက်ကြာဖြတ်သန်းခွင့်ယာယီပိတ်ထားခြင်းလည်းဖြစ်သည်။
အဆိုပါ လမ်းပိုင်း ပိတ်ထားရက်အတွင်းမြစ်ကြီးနားမှ မန္တလေးသို့ ဆင်းမည့်ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များမှာ ကန့်ဘလူမြို့နယ် ပေကြီးရွာ၌ ပိတ်မိနေခြင်းဖြစ်ပြီး မန္တလေးမှ မြစ်ကြီးနားသို့ တက်မည့်ယာဉ်များမှာ ကန့်ဘလူမြို့နယ် ဇီးကုန်းလမ်းဆုံ၌ အသီးသီးပိတ်မိနေကြခြင်းဖြစ်ကြောင်း သိရသည်။
“ဒီလမ်းပိုင်းက ဟိုအရင် ဩဂုတ်လတည်းက တိုက်ပွဲတွေဖြစ်နေလို့ ဖွင့်လိုက်ပိတ်လိုက်ပဲ။ ပိတ်ပြန်တော့လည်း သွားရေးလာရေးခက်ခဲတယ်။ အခုလိုဖွင့်ပြန်တော့လည်းဂိတ်ကြေးတွေ ဆောင်ရတာ မလွယ်ပါဘူး။ ပိတ်ထားတာထက်စာရင်သွားခွင့်ရတာဘဲ ဝမ်းသာပါတယ်”ဟု အဆိုပါ ယာဉ်မောင်းကပင် ဖြည့်စွက်ဆိုသည်။
မြစ်ကြီးနား–မန္တလေး လမ်းပိုင်းတစ်လျှောက်တွင် တပ်မတော်စစ်ဆေးဂိတ်များအပါအဝင် PDF များအထိုင်ချ ဂိတ်များရှိနေပြီး၊ တပ်မတော်ဘက်မှ စစ်ကိုင်း တံတားဂိတ်၊ နန့်စီးအောင်ဂိတ်များရှိနေကာ PDF ဘက်မှ ဆားတောင်နယ်နှင့် ရွှေဘိုနယ်များတွင် အများဆုံးရှိနေကာ ၎င်းတို့၏ အခွန်ကောက်ခံသည့် ဂိတ်စုစုပေါင်း (၁၀)ဂိတ်ထက်မနည်းရှိနေကြောင်း သိရသည်။
ဓာတ်ပုံ- ပုံအဟောင်း