နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌမှ အမေရိကန်ဒေါ်လာ(၃) သန်းနှင့်ညီမျှသည့် စားနပ်ရိက္ခာများနှင့် အခြားထောက်ပံ့ပစ္စည်းများလှူဒါန်းရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက တို့ဆွေးနွေးခဲ့ကြသည်။
နစက ဥက္ကဋ္ဌမှ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌအား ယနေ့ ဧပြီ ၂ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဥ် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌမှ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် ငလျင်သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၌အသုံးပြုရန် ကူညီကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ကယ်ဆယ်ရေးပစ္စည်(၁၄)မျိုးပါ ကျောပိုးအိတ်အလုံး(၅၀)၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းသုံးဦးထုပ်အလုံး(၆၀) နှင့် လက်အိတ်တစ်ဖာတို့ကို နစက ဥက္ကဋ္ဌထံပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် ၎င်းတို့နှစ်ဦးသည် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများအား နိုင်ငံတကာမှကူညီကယ်ဆယ်ရေးအဖွဲ့များစေလွှတ်ပေးခဲ့မှုနှင့် ကူညီကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများပေးပို့ပေးခဲ့မှု၊ နိုင်ငံတကာမှလာရောက်ကူညီသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် မြန်မာနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ စေတနာ့ဝန်ထမ်းများနှင့်အတူ ကူညီကယ်ဆယ်မှုများကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိမှုတို့အား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌအနေဖြင့် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် ငလျင်ဒဏ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန် ကူညီကယ်ဆယ်ရေးပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျလာရောက်ပေးအပ်လှူဒါန်းခဲ့ခြင်းအား အထူးကျေးဇူးတင်ရှိမှု၊ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌအနေဖြင့် အမေရိကန်ဒေါ်လာ(၃)သန်းနှင့်ညီမျှသည့် စားနပ်ရိက္ခာများအပါအဝင် အခြားလိုအပ်သည့်ထောက်ပံ့ပစ္စည်းများကို ငလျင်ဒဏ်ခံစားနေရသည့်ပြည်သူများထံလှူ ဒါန်းသွားမည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။