မြန်မာနိုင်ငံတွင် အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ကူညီဆောင်ရွက်ရန်အတွက် မလေးရှားနိုင်ငံ နိုင်ငံတော် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီ(Nadma) မှ အဖွဲ့ဝင် ၁၀ ဦးပါ ကနဦး အကူအညီပေးရေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်သွားမည်ဟု သိရသည်။
အဆိုပါအဖွဲ့သည် စနေနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီး ဒါတွတ် ဆရီမိုဟာမက် ဟာဆန်က ပြောကြားခဲ့သည်။
“ဒီအဖွဲ့က မြေပြင်မှာ အကဲဖြတ် သုံးသပ်တာတွေလုပ်သွားမှာပါ၊ အဲဒီနောက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေနဲ့ နောက်က လိုက်လာမယ့် အခြားအဖွဲ့ထံ အခြေအနေကို သတင်းပို့ပါလိမ့်မယ်” ဟု သူက ပြောဆိုခဲ့သည်။
Nadma သည် ယင်းကိစ္စနှင့် ပတ်သက်၍ ကွာလာလမ်ပူရ်ရှိ မြန်မာသံရုံးနှင့် ဆက်သွယ်ဆောင်ရွက်ထားသည်ဟုလည်း သူက ပြောကြားသည်။
သီးခြားအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် မြန်မာနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် လူသာချင်းစာနာမှု အကူအညီများအတွက် ညှိနှိုင်းဆောင်ရွက်ရန်၊ ကယ်ဆယ်ရေးလုပ်ငန်းများ လွယ်ကူချောမွေ့စေရန်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အချိန်နှင့် တပြေးညီ ထိထိရောက်ရောက် ပေးအပ်နိုင်ရန် နီးနီးကပ်ကပ် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း မိုဟာမက်က ပြောကြားခဲ့သည်။
ယင်းကို ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ပူးပေါင်းဆောင်ရွက်ရေး စင်တာ(AHA Centre) ၏ အကူအညီဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မတ်လ ၂၈ ရက်က မြန်မာနိုင်ငံအလယ်ပိုင်းတွင် ပြင်းအား ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်သွားပြီးနောက် ငလျင်ဘေးဒဏ်ခံခဲ့ရသော မြန်မာနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းမှ ပြည်သူများအတွက် လွန်စွာဝမ်းနည်းကြေကွဲရကြောင်းကို အာဆီယံအဖွဲ့က ထုတ်ဖော်ပြောကြားခဲ့သည်။
အာဆီယံသည် လူသာချင်း စာနာထောက်ထားမှု အကူအညီ အရေးတကြီး လိုအပ်မှုကို အသိအမှတ်ပြုကြောင်း၊ ငလျင်ဒဏ်ခံစားခဲ့ရသော မိသားစုများ၊ လူမှုအသိုက်အဝန်းများနှင့် အာဆီယံက စည်းလုံးညီညွတ်စွာရှိကြောင်းကို ထပ်လောင်းအတည်ပြုကြောင်း မိုဟာမက်က ပြောကြားခဲ့သည်။
Ref: သည်စတား